ကိုရိုနာဗိုင်းရပ်စ် (Covid-19) ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ မြင့်တက်နေတဲ့ အီတလီနိုင်ငံမှာ ဆေးဝါးနဲ့ အစားအစာဆိုင်တွေကလွဲပြီး စတိုးဆိုင်များအားလုံး ပိတ်ထားတယ်လို့ သိရပါတယ်။
အီတလီဝန်ကြီးချုပ် Giuseppe Conte က ဘားများ၊ စားသောက်ဆိုင်များ၊ ဆံပင်အလှပြုပြင်ဆိုင်များနဲ့ မရှိမဖြစ် မဟုတ်တဲ့ ကုမ္ပဏီတွေကိုလည်း ပိတ်ထားမယ်လို့ ဆိုပါတယ်။ အီတလီဟာ ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်ခံမှုနဲ့ သေဆုံးမှု အဆိုးရွားဆုံး ဖြစ်ပွားတဲ့နိုင်ငံ ဖြစ်နေပါတယ်။
မတ်လ ၁၂ ရက်နေ့၊ မနက်အစောပိုင်းအထိ စာရင်းတွေအရ အီတလီမှာ Covid-19 ရောဂါ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂,၄၆၂ ဦးနဲ့ သေဆုံးသူ ၈၂၇ ဦးအထိ မြင့်တက်လာပါတယ်။ အီတလီမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ နှစ်ပတ်အတွင်း ၈၂၇ ဦးအထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဆိုင်တွေ ပိတ်ထားရတာနဲ့ ပတ်သက်ပြီး အီတလီဝန်ကြီးချုပ်က “အခုလို စတေးမှုတွေ ပြုလုပ်ပေးလို့ နိုင်ငံသားအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ဟာ စည်းလုံးပြီးကောင်းမွန်တဲ့ နိုင်ငံမှာ နေထိုင်နိုင်ကြောင်း သက်သေပြနေတာဖြစ်ပါတယ်”လို့ အားပေးစကား ပြောဆိုခဲ့ပါတယ်။
အီတလီနဲ့ အီရန်ဟာ လက်ရှိမှာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု ဆိုးရွားနေပြီး အခြား နိုင်ငံတွေလည်း မကြာခင် အဲဒီနိုင်ငံတွေလို ဖြစ်လာမယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။ အစိုးရများအနေနဲ့ Covid-19 ကူးစက် ဖြစ်ပွားမှုအပေါ် အဆောတလျင်နဲ့ ပြင်းထန်တဲ့ တုံ့ပြန်ဆောင်ရွက်မှုဖြင့် ကိုင်တယ် ဖြေရှင်းမှုပုံစံ ပြောင်းလဲကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။
လူဦးရေ သန်း ၆၀ ကျော်ရှိတဲ့ အီတလီ တနိုင်ငံလုံးကို အသွားအလာ ပိတ်ပင် ကန့်သတ်မှုတွေ လုပ်ဆောင်ထားပေမဲ့ ဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း ဆက်လက် မြင့်တက်နေခဲ့ရာ နောက်ထပ် အစီအစဉ်တွေ သတ်မှတ်ဆောင်ရွက်လာရတာ ဖြစ်ပါတယ်။
အီတလီစီရီးအေ ဘောလုံးပွဲများ အပါအဝင် အားကစားပြိုင်ပွဲများ အားလုံးကို ရပ်ဆိုင်ထားပြီး ကျောင်းနဲ့ တက္ကသိုလ် အားလုံးကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။ Covid-19 ကို ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားတဲ့ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကနေ မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။
Ref. dailymail.co.uk
You may also like these stories:
ဘရူနိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ ၁၀ ဦးအထိ ရှိလာ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယအစိုးရက ဧပြီ ၁၅ အထိ တိုးရစ်ဗီဇာများ ယာယီဆိုင်းငံ့
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ Data အတွက် ဝက်ဘ်ဆိုက် ဖန်တီးလိုက်တဲ့ ကျောင်းသား