အရှေ့တောင်အာရှနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ ရှိနေပြီး ထိုင်း၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေမှာ လူသေဆုံးတဲ့အထိ ဖြစ်လာပါတယ်။ အခုဆိုရင် ဘရူနိုင်းနိုင်ငံမှာပါ ရောဂါကူးစက်ခံထားရသူတွေ တွေ့လာရပါတယ်။
ပထမဆုံး စတင်တွေ့ရှိခဲ့တဲ့ အမျိုးသားဟာ အသက် ၅၃ နှစ်အရွယ် ရှိသူဖြစ်ပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က ဗလီတခုကို သွားရောက်ခဲ့သူ ဖြစ်ပါတယ်။ ဘရူနိုင်း ကျန်းမာရေးအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ အခု လက်ရှိအချိန်ထိ ဘရူနိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၁၀ ယောက်ရှိသွားပြီလို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို ဘရူနိုင်း ကျန်းမာရေး အာဏာပိုင်တွေက စနစ်တကျ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ လူသေဆုံးတဲ့အထိ ဖြစ်လာပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကိုရိုနာရောဂါကို ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေတဲ့ ကူးစက် ကပ် ရောဂါအဖြစ် သတ်မှတ်လိုက်ပါတယ်။ တရုတ်နိုင်ငံပြင်မှာလည်း ရောဂါကူးစက်မှုပမာဏ ၁၃ ဆ တိုးလာတယ်လို့ WHO အကြီးအကဲ ဒေါက်တာ Tedros Adhanom Ghebreyesus က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ထိရောက်တဲ့ အရေးယူ ဆောင်ရွက်တာမျိုး မလုပ်နိုင်သေးတဲ့အတွက် စိုးရိမ်ပူပန်မိတယ်လို့ သူက ပြောပါတယ်။ အစိုးရတွေအနေနဲ့ ရောဂါကို ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ကြဖို့ သူက တောင်းဆိုခဲ့ပါတယ်။ အစိုးရတွေအနေနဲ့ နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို အကာအကွယ်ပေးနိုင်ဖို့ သေသေချာချာ ဆောင်ရွက်ရမယ်လို့ သူက ဆိုပါတယ်။
ဘရူနိုင်းနိုင်ငံအနေနဲ့လည်း ရောဂါကူးစက်မှုနှုန်း မြန်ဆန်နေတဲ့ တရုတ်၊ အီတလီ၊ အီရန်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို ပြည်ဝင်ခွင့် ယာယီ ပိတ်လိုက်ပါတယ်။ အခုဆိုရင်တော့ အီရန်အစိုးရပိုင်းခေါင်းဆောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိလာရသလို ယူကေကျန်းမာရေးဝန်ကြီးလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ပုဂ္ဂိုလ်ဖြစ် သူ Achmad Yurianto ကလည်း အသက် ၂၅ နှစ်အရွယ် နိုင်ငံခြားသားတယောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာလည်း ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၂၉ ယောက်အထိ ရှိနေတယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ထိန်းချုပ်ဖို့ခက်တဲ့ ရောဂါဖြစ်တဲ့အတွက် ဘရူနိုင်းနိုင်ငံမှာလည်း ရောဂါ ကူးစက်ခံရသူ အရေအတွက် ဆက်ပြီး များပြားလာဖို့ ရှိနေပါတယ်။
Ref: The Star, BBC
You may also like these stories:
ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ပထမဆုံး ၃ ဦးရှိနေဟု ဘင်္ဂလားဒေ့ရှ်အတည်ပြု
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယအစိုးရက ဧပြီ ၁၅ အထိ တိုးရစ်ဗီဇာများ ယာယီဆိုင်းငံ့