ဂျူဗင်တပ်အသင်း ကစားသမား Daniele Rugani မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတာကြောင့် ကစားဖော် ခရစ္စတီရာနို ရော်နယ်ဒိုကိုလည်း ပေါ်တီဂူကနေ ပြန်ခွင့် မပေးဘဲ နေအိမ်မှာ အသွားအလာ ကန့်သတ်ပြီး ရောဂါ ဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြပ်ကြည့်ရှု (Home quarantine) ခံနေရပါတယ်။
ပေါ်တူဂီ ကစားသမား စီရော်နယ်ဒိုဟာ မိခင်ဖြစ်သူ လေဖြန်းသွားတာကြောင့် ပေါ်တူဂီကို ရောက်ရှိနေခဲ့တာပါ။ ကစားဖော် Rugani မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရတယ်လို့ သတင်း မထွက်ခင်တည်းက အီတလီမှာ ကူးစက် ပျံ့နှံ့နေတာကြောင့် ပြန်မလာဖြစ်သေးတာပါ။
ဂျူဗင်တပ်အသင်း အင်တာမီလန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုနဲ့ Rugani တို့ အတူတူ အင်္ကျီလဲခန်းအသုံးပြုခဲ့တာကြောင့် အခုလို စောင့်ကြည့်ခံနေရတာပါ။ လက်ရှိ အချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် တွေ့ထားတဲ့ Rugani နဲ့ နီးစပ်ခဲ့သူတိုင်းကို စောင့်ကြပ် ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
ပေါ်တူဂီနိုင်ငံက မီဒီယာတွေဖြစ်တဲ့ Quotidiano Sportivo နဲ့ Abola တို့မှာ ဘောလုံးသမား ရော်နယ်ဒိုကို Home quarantine စောင့်ကြည့်ခံနေရတဲ့ သတင်းကို မျက်နှာဖုံး စာမျက်နှာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ အီတလီနိုင်ငံမှာတော့ အားကစားပွဲတွေကို ဧပြီလ ၃ ရက်နေ့ထိ ရပ်နားလိုက်ပေမယ့် ဂျူဗင်တပ်အသင်းကတော့ နောက်အပတ် အင်္ဂါနေ့မှာ Lyon အသင်းနဲ့ Champion League ကစားရဖို့ ရှိနေပါတယ်။
အဆိုပါပွဲကို ပရိသတ် မပါဘဲ ကွင်းပိတ်ကစားဖို့ စီစဉ်ထားပေမယ့် အခု ကိစ္စရပ်ကြောင့် ပွဲကို ရွှေ့ဆိုင်းရဖို့ ရှိနေပါတယ်။ Rugani က ဘောလုံးလောကမှာ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် တွေ့သူ ဖြစ်ပြီး ပထမဆုံးတယောက်ကတော့ Hannover 96 နဲ့ နောက်တန်းကစားသမား Timo Hubers ပဲ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ ကစားပြီး အသက် ၆၅ နှစ်အရွယ် မိခင်ဖြစ်သူ လေဖြန်းသွားတာကြောင့် မွေးရပ်မြေ ပေါ်တူဂီကို ပြန်သွားတာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကစားမယ့် ပွဲအတွက် ပြန်လာဖို့ ရှိပေမယ့် တသင်းတည်း ကစားဖော် Rugani ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိတာကြောင့် ဘယ်မှ မထွက်ရတော့ဘဲ Home quarantine စောင့်ကြည့်ခံနေရတာပါ။
အီတလီနိုင်ငံဟာ ဥရောပတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သေဆုံးသူ အများဆုံးဖြစ်နေပြီး လူ ၈၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။ အားကစားပွဲတွေမှာ လာရောက်ကြည့်ရှုတဲ့ ပရိသတ်ကြီးကြောင့် ကူးစက်မှု ပျံ့နှံ့မှာကို စိုးရိမ်တာကြောင့် ပွဲတွေကို ရပ်ဆိုင်းထားတာဖြစ်လို့ ပုံမှန်အချိန်အတိုင်း Serie A ပွဲစဉ်တွေ ပြီးဆုံးမှာ မဟုတ်ကြောင်း အီတလီ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
Ref: Daily Mail
You may also like these stories:
တင်းနစ်လောက ကနေ အနားယူသွားပြီဖြစ်တဲ့ ချန်ပီယံဟောင်း မာရီယာရှာရာပိုဗာ
မူလတန်းကျောင်းသားတွေကို ဘောလုံးလေ့ကျင့်ချိန်မှာ ခေါင်းတိုက် လေ့ကျင့်ခွင့် တားမြစ်
တယော ဦးတင်ရီ မဆုံးခင်က မှာခဲ့တဲ့အကြောင်း ပြောပြတဲ့ ဇနီး ဒေါ်အေးအေးထိန်