တကမ္ဘာလုံးက စိုးရိမ်ထိတ်လန့်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ ပြန်လည် ကျန်းမာလာခဲ့တဲ့ အမေရိကန်အမျိုးသမီးဖြစ်သူ Elizabeth Schneider က ကိုရိုနာဗိုင်းရပ်စ်ကို အလွန်အမင်းကြီး စိုးရိမ် ထိတ်လန့်မနေကြဖို့ ပြောကြားလိုက်ပါတယ်။
သူမဟာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ် ၊ ဆီယက်တဲလ်မြို့မှာ နေထိုင်သူပါ။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအသအပျောက် အများဆုံးပြည်နယ်ပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ ပြန်လည် ကျန်းမာလာခဲ့တဲ့ သူမကတော့ လူတွေအနေနဲ့ အလွန်အမင်းကြီး စိုးရိမ် ထိတ်လန့်မနေကြဖို့နဲ့ နေထိုင်မကောင်းဖြစ်လာခဲ့ရင် အိမ်မှာသာ နေကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ PhD ဘွဲ့ရထားသူတယောက်ဖြစ်ပြီး လူတွေကို မျှော်လင့်ချက် ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သူမရဲ့အတွေ့အကြုံတွေကို မျှဝေခဲ့ပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်ဟာ လုံးဝ စိတ်ချရတဲ့ရောဂါတော့ မဟုတ်ပါဘူး။ သက်ကြီးရွယ်အိုတွေကို ပိုပြီးထိခိုက်နိုင်ပါတယ်။ ဒါကြောင့် နေထိုင်မကောင်းဖြစ်လာတဲ့အခါ နေအိမ်မှာ နေထိုင်ဖို့ လိုပါတယ်”လို့ သူမက အကြံပြုထားပါတယ်။
ပါတီတခုကပြန်လာပြီး ၃ ရက်အကြာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ သူမအနေနဲ့ တုပ်ကွေးလက္ခဏာမျိုး စတင်ခံစားခဲ့ရပါတယ်။ အဲဒီပါတီမှာ အခြားလူ ၅ ဦးလည်း ရောဂါကူးစက်ခဲ့ပါတယ်။
ကိုရိုနာရောဂါ လက္ခဏာမျိုး စတင်ခံစားလာရတဲ့အတွက် သူမအလုပ်လုပ်နေတဲ့ ကုမ္ပဏီက ထွက်ပြီး အိမ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဖျားကပြင်းထန်တဲ့အတွက် ထိန်းချုပ်လို့ မရအောင် တကိုယ်လုံး တုန်ရင်နေခဲ့တယ်လို့ AFP နဲ့ အင်တာဗျူးမှာ သူမက ဖြေကြားခဲ့ပါတယ်။
ရက်အနည်းငယ်အကြာမှာတော့ ပါတီ အတူတူတက်ခဲ့တဲ့ သူမရဲ့သူငယ်ချင်းတွေအားလုံး ရောဂါလက္ခဏာ ကူးစက်ခံနေရတယ်လို့ သူမ သိရခဲ့ပါတယ်။ မတ်လ ၇ ရက်နေ့မှာ သူမအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကိုရိုနာနဲ့ပတ်သက်တဲ့ သတင်းတွေကို ရှာဖွေ ဖတ်ရှုခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ပထမဆုံးလူနာကို ဇန်နဝါရီနှောင်းပိုင်းလောက်က ဝါရှင်တန်ပြည်နယ်မှာ စတင်တွေ့ရှိခဲ့ပြီး အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူပေါင်း ၁,၁၀၀ ကျော်ရှိသွားကာ လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
“ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး လူတွေကိုအကြံပေးချင်တာကတော့ အလွန်အမင်း စိုးရိမ်မနေကြပါနဲ့။ ရောဂါလက္ခဏာ စတင်ပြသလာတဲ့အခါမှာ အိမ်မှာပဲ နေထိုင်ပါ။ ဆေးကုသမှု သေချာခံယူပါ။ ရေ မကြာမကြာ သောက်ပေးပါ။ ကောင်းကောင်းအနားယူပါ”လို့ သူမက ပြောပါတယ်။
ဒါကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ်ကို အလွန်အမင်း ထိတ်လန့်မနေကြဖို့၊ သက်ဆိုင်ရာကျန်းမာရေး ဌာနတွေက ထုတ်ပြန်ပေးထားတဲ့ စည်းကမ်းချက်တွေကိုလိုက်နာဖို့နဲ့ သတင်းမှားတွေကို မယုံမိကြဖို့ လိုအပ်ပါတယ်။
Ref: Bangkokpost
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကမ္ဘာကျော် ဘောလုံးသမားများ
အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု မြင့်တက်လာပြီး ဆိုင်များအားလုံး ပိတ်ထား
ကစားဖော်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့တာကြောင့် စောင့်ကြည့်ခံနေရတဲ့ စီရော်နယ်ဒို