ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုတွေနဲ့ အသွားအလာ ပိတ်ပင်မှုတွေကြောင့် ခရီးသွားလုပ်ငန်းတွေမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ World Travel and Tourism Council ရဲ့ ပြောကြားချက်အရ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်း သန်း ၅၀ ကျော်မှာ ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အဲဒီကောင်စီရဲ့ အလုပ်အမှုဆောင် အရာရှိဖြစ်တဲ့ Gloria Guevara က “ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေအနေနဲ့ ကြီးမားတဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်။ ဒါပေမဲ့ ခရီးသွားလာရေး လုပ်ငန်းတွေ အနေနဲ့ ဒီစိန်ခေါ်မှုတွေကို ဖြတ်ကျော်သွားနိုင်ဖို့ အင်အားတွေ ရှိနေပါသေးတယ်”လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံတော်တော်များများက ခရီးသွားလာရေးတွေကို ပိတ်ပင်လိုက်တာကြောင့် ခရီးသွားလုပ်ငန်းတွေအနေနဲ့ အခုလို ဆိုးရွားတဲ့ သက်ရောက်မှုတွေကို ခံနေရတာ ဖြစ်ပါတယ်။
သင်္ဘောနဲ့ လေယာဉ်များကို စီးနင်းပြီး ခရီးသွားလာကြတဲ့ ခရီးသွားတွေမှာ ရောဂါပိုး ကူးစက်မှုတွေကို တွေ့ရှိရတာကြောင့် ရောဂါပိုး တွေ့ရှိတဲ့ ယာဉ်များအပါအဝင် ခရီးသည်များကိုပါ စောင့်ကြည့်မှုတွေ ရှိနေတာက စီးပွားရေး ထိခိုက်မှုတွေထဲက တခုဖြစ်တယ်လို့ သိရပါတယ်။
British Airways, EasyJet နဲ့ Norwegian Air လေကြောင်းလိုင်းတွေက ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ ခရီးစဉ်အားလုံးကို ဖျက်သိမ်းထားပါတယ်။ Korean Air လေကြောင်းလိုင်းအနေနဲ့ ခရီးစဉ်တွေ ဖျက်သိမ်းရမှုတွေ များပြားလွန်းတာကြောင့် ဆက်လက် ရပ်တည်ဖို့တောင် ခက်ခဲနေကြောင်း သတင်း ထုတ်ပြန်ချက်တွေ ပြုလုပ်ထားပါတယ်။
တရုတ်လေကြောင်း ခရီးစဉ်တွေမှာ ခရီးသည် ၈၅ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့တာကြောင့် ကြီးမားတဲ့ စီးပွားရေး ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ တရုတ်ခရီးသွားဦးရေ ကျဆင်းမှုကြောင့် တရုတ်ခရီးသွား အဓိက ဝင်ရောက်တဲ့ နိုင်ငံတွေမှာ ငွေကြေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လေကြောင်းလိုင်းတွေအနေနဲ့ ခရီးစဉ် ဖျက်သိမ်းမှုတွေ ရှိနေတာက ခရီးသွားလုပ်ငန်းတွေရဲ့ အဓိကဆုံးရှုံးမှု ဖြစ်တယ်လို့ သိရပါတယ်။
Ref. BBC
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယအစိုးရက ဧပြီ ၁၅ အထိ တိုးရစ်ဗီဇာများ ယာယီဆိုင်းငံ့
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ Data အတွက် ဝက်ဘ်ဆိုက် ဖန်တီးလိုက်တဲ့ ကျောင်းသား
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်