ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ပြီးနောက် နိုင်ငံတော်တော်များမှာ လူစုလူဝေးနဲ့ ကျင်းပမယ့် ပွဲတွေကို ဖျက်သိမ်းခဲ့ပါတယ်။
သြစတြေးလျနိုင်ငံမှာလည်း အစိုးရဝန်ကြီးတဦးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ သမီးဖြစ်သူ အီဗန်ကာ ထရန့်ရယ်၊ အမေရိကန် အစိုးရတာဝန်ရှိသူတချို့နဲ့ တွေ့ဆုံခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။
သြစတြေးလျ ပြည်ထဲရေးဝန်ကြီး Peter Dutton ဟာ လည်ချောင်းနာပြီး အဖျားရှိနေတာကြောင့် မတ်လ ၁၃ ရက်နေ့က ဆေးရုံမှာ သွားစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အရင်အပတ်က သူဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ သမီးဖြစ်သူ အီဗန်ကာ ထရန့်နဲ့ ဘေးချင်းကပ် ဓာတ်ပုံ ရိုက်တင်ထားတာ တွေ့ရသလို အနီးနားမှာလည်း ရှေ့နေချုပ် William P.Barr လည်း ရှိနေခဲ့ပါတယ်။
လက်ရှိမှာတော့ အမေရိကန်နိုင်ငံရဲ့ ဈေးကွက် အခြေအနေဟာ ကမ္ဘာ့ကပ်ရောဂါကြောင့် ကျဆင်းနေပေမယ့် ထရန့်ရဲ့ စီမံခန့်ခွဲမှု နည်းဥပဒေတွေကြောင့် ရင်းနှီးမြှုပ်နှံမယ့်သူတွေ သက်သာရာရောက်ကြောင်း အခြေအနေတွေ ရှိလာပါတယ်။
ဥရောပနဲ့ အမေရိကန် စတော့ဈေးကွက် အခြေအနေကတော့ အနည်းငယ် ပြန်တက်လာနိုင်ချေ ရှိနေပေမယ့် Wall Street ရဲ့ စတော့ရှယ်ယာ တချို့မှာတော့ နှစ် ၃၀ အတွင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။ အာရှစတော့ ဈေးကွက်တွေမှာလည်း အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်သွားပြီဆိုသော်ငြားလည်း ဈေးကွက် အပိတ်မှာတော့ ကျဆင်းနေဆဲပါ။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှုကြောင့် အများပြည်သူ လူထူထပ်တဲ့ နေရာတွေကို ကန့်သတ် ပိတ်ပင်ထားတာကြောင့် စည်းကားခဲ့တဲ့ Broadway ပြဇာတ်ရုံ၊ ပြတိုက်တွေနဲ့ ကစားကွင်းတွေဟာ ခြောက်ကပ်နေပါတယ်။
အစိုးရဟာ နိုင်ငံတဝှမ်းက ကျောင်းတွေလည်း ပိတ်ဖို့ ညွှန်ကြားထားသလို ဟော်ကီနဲ့ အမေရိကန်ဘောလုံးပွဲတွေရဲ့ လက်ရှိကျင်းပနေတဲ့ ရာသီပွဲတွေကိုပါ ရပ်နားခိုင်းထားပါတယ်။ အမေရိကန် ဘတ်စကတ် ဘောအဖွဲ့ချုပ်ကလည်း ပွဲစဉ်တွေ ရပ်နားထားမယ့်အကြောင်းကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ နောက်ထပ် လူစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်တဲ့ ဘေ့စ်ဘောပွဲတွေကို ပုံမှန်ချိန်ထက် ၂ ပတ် နောက်ဆုတ်ပြီးမှ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခရီးသွားလာခွင့်တွေကို တင်းကြပ်ထားသလို လူစုလူဝေးနဲ့ ကျင်းပမယ့် ပွဲတော်တွေကို တားမြစ်ထားပါတယ်။
အမေရိကန်နိုင်ငံတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၆၀၀ ကျော် ရှိနေတာကြောင့် ဒေသတခုမှာ တယောက်နှုန်း နီးပါးရှိကာ သေဆုံးသူ ၄၁ ဦး ရှိသွားပါပြီ။
သမ္မတ ထရန့်ကတော့ ဂျပန်နိုင်ငံမှာကျင်းပမယ့် နွေ ရာသီ အိုလံပစ်ပွဲတော်ကို ရွှေ့ဆိုင်းစေချင်ပြီး အခြေအနေတွေ ပြန်ကောင်းသွားမှ ကျင်းပဖို့ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်နိုင်ငံဟာ ဥရောပတိုက်သားတွေကိုလည်း ပြည်ဝင်ခွင့် တားမြစ်ထားပါတယ်။
Ref: Washington Post
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်အတွက် ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်သလဲ
အစ္စရေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၆ ယောက်အထိ ရှိလာ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းဆင်စခန်းများ ပိတ်ရပြီး ဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်နေ