ကိုရိုနာဗိုင်းရပ်စ် စတင် ကူးစက် ပျံ့နှံ့ရာ တရုတ်နိုင်ငံပြင်ပမှာ ကူးစက်မှု အများဆုံးဖြစ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံဟာ သုံးပတ်အကြာမှာ ကူးစက်မှုနှုန်း နှေးကွေးသွားပေမယ့်လည်း အခုမှ ပထမဆုံးအကြိမ် စတင် ကူးစက်တဲ့ နိုင်ငံတွေ ရှိလာပြန်ပါတယ်။
အာဖရိကနိုင်ငံ တနိုင်ငံဖြစ်တဲ့ အီသီယိုးပီးယားနိုင်ငံမှာ ယနေ့၊ မတ်လ ၁၃ ရက်နေ့က ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူကို အတည်ပြုနိုင်ခဲ့ပါတယ်။ Addis Abba မြို့တော်ဝန် Takele Uma Banti က တွစ်တာကတဆင့် နိုင်ငံတွင်းမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ဂျပန်နိုင်ငံသားတယောက်ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။
အဓိက စတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံပြီးရင် သေဆုံးသူ အများဆုံး ဖြစ်နေတဲ့ အီတလီနိုင်ငံမှာ ၂၄ နာရီအတွင်း ၁၈၉ ယောက်ကနေ ၁,၀၁၆ ယောက် ခုန်တက်သွားပြီး တနေ့တည်းနဲ့ ကူးစက်သူ ၂၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ Civil Protection Agency က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို WHO က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီးနောက်မှာတော့ သေဆုံးသူ မြင့်တက်လာတဲ့ အီတလီနိုင်ငံမှာ ရောဂါစောင့်ကြည့်ရေး Quarantine ကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာခဲ့ကြသလို အမေရိကန်နိုင်ငံကလည်း ဥရောပကို ပျံသန်းတဲ့ လေကြောင်းလိုင်းတွေကို ပိတ်ပင်လိုက်ပါတယ်။
ကမ္ဘာအနှံ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၂,၀၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူကတော့ ၄,၉၀၀ ကျော်သွားပြီလို့ WHO က ထုတ်ပြန်ထားပါတယ်။ Johns Hopkins တက္ကသိုလ်ရဲ့ ဗိုင်းရပ်စ်စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ ၆၈,၀၀၀ ကျော် ပြန်လည် သက်သာလာပြီလို့ ဆိုပါတယ်။
စတော့ဈေးကွက်မှာတော့ နှစ် ၃၀ အတွင်း အဆိုးရွားဆုံး ရှယ်ယာ ကျဆင်းမှု အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
Ref: Aljazeera
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်အတွက် ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်သလဲ
အီတလီနိုင်ငံသားများကို Premium Service အပြာကား အခမဲ့ ကြည့်ခွင့်ပေးလိုက်တဲ့ Pornhub
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းများ ဒေါ်လာ သန်းနဲ့ချီ အရှုံးပေါ်