အမေရိကန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အရေးပေါ်အခြေအနေ ကြေညာအပြီးမှာပဲ Alibaba တည်ထောင်သူ သန်းကြွယ်သူဌေး ဂျက်မားက Covid-19 စမ်းသပ်ကိရိယာ ၅ သိန်းကျော်နဲ့ Mask တွေ အမေရိကန်ကို လှူဒါန်းသွားမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုနှုန်းဟာ တောင်ကိုရီးယားနဲ့ အီတလီနိုင်ငံတွေလောက် မများပေမယ့် ရောဂါရှာဖွေရေးအပိုင်းတွေမှာ ရုန်းကန်နေရဆဲပဲလို့ ဆိုပါတယ်။
“အခုအခြေအနေက ကမ္ဘာပေါ် က လူသားအားလုံးအပေါ် ကျရောက်လာတဲ့ စိန်ခေါ်မှု တရပ်ပါ။ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို နိုင်ငံတနိုင်တည်းက ခုခံကာကွယ်လို့ မရပါဘူး။ တနိုင်ငံနဲ့ တနိုင်ငံ ကိုယ့်စည်းသူ့စည်း ထားနေရမယ့် အချိန်မဟုတ်ဘဲ အတူလက်တွဲ ဖြေရှင်းရမှာပါ”လို့ ဂျက်မားက ဆိုပါတယ်။
ဂျက်မားဟာ တခြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ တောင်ကိုရီးယား၊ ဂျပန်၊ အီတလီ၊ အီရန်နဲ့ စပိန်နိုင်ငံတွေကိုလည်း ဆေးဘက်ဆိုင်ရာသုံး ကိရိယာတွေ လှူဒါန်းပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး တင်းမာနေတဲ့ တရုတ်အတွက် ဂျက်မားရဲ့ လှူဒါန်းဖို့ ကမ်းလှမ်းချက်ဟာ နှစ်နိုင်ငံ ပြန်လည်ပြေလည်ရေး လမ်းစဖြစ်လာနိုင်သလို ထရန့်အစိုးရရဲ့ ပြောကြားချက်တွေကိုလည်း ဖုံးကွယ်သွားရာ ရောက်နိုင်တယ်လို့ တရုတ်အရေး ကျွမ်းကျင်သူ Samm Sacks က ဆိုပါတယ်။
အမေရိကန်သမ္မတ ထရန့်အစိုးရပိုင်းက တာဝန်ရှိသူတွေဘက်က ကမ္ဘာတဝှမ်း Covid-19 ကူးစက်မှုရဲ့ အဓိက လက်သည် တရားခံက တရုတ်နိုင်ငံလို့ စွပ်ဆွဲပြောဆိုထားတာတွေ ရှိပါတယ်။ လက်ရှိအချိန်မှာတော့ ဂျက်မား လှူမယ့် စမ်းသပ်ကိရိယာတွေကို အမေရိကန်ဘက်က လက်ခံ အသုံးပြု၊ မပြု ဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်သေးပါဘူး။
အမေရိကန် FDA ဘက်က ဂျက်မားရဲ့ ကမ်းလှမ်းချက်ကို တုံ့ပြန်တာမျိုး မရှိသေးတဲ့အပြင် Alibaba ဘက်က ပြောရေးဆိုခွင့်ရှိသူကလည်း စမ်းသပ်ကိရိယာတွေ လှူဒါန်းမယ့်အကြောင်းကို အသေးစိတ်ပြောဆိုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။
ဂျက်မားရဲ့ အမေရိကန်နိုင်ငံအပေါ် လှူဒါန်းမယ့် ကမ်းလှမ်းချက် နောက်ကွယ်မှာ တရုတ်အစိုးရ ပါဝင်ပတ်သက်နေတာမျိုး ရှိ၊ မရှိကိုလည်း လေ့လာသူတချို့ စောင့်ကြည့်နေပါတယ်။ “ကျနော်ကတော့ ဒါဟာ တရုတ်ဘက်က ပြေလည်ရေးအတွက် တွန်းအားပေးလိုက်တာလို့ပဲ မြင်ပါတယ်”လို့ စီနီယာ အယ်ဒီတာတဦးဖြစ်သူ James Palmer က ဆိုပါတယ်။
Ref: Wired
You may also like these stories:
လန်ဒန်မြို့မှာ ကမ္ဘာ့အငယ်ဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဖြစ်လာတဲ့ ကလေးငယ်
Covid-19 ကြောင့် အမျိုးသားများ မျိုးအောင်ခြင်းကို ထိခိုက်စေနိုင်သည့် သတင်း ဟူဘေးအစိုးရပြန် ဖြုတ်ချရ
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြုံနေရချိန်မှာ ဘယ်လို နေထိုင်ရမလဲ