တရုတ်နိုင်ငံရဲ့ သြဇာကြီးမားတဲ့ လုပ်ငန်းရှင်တဦးဖြစ်တဲ့ Ren Zhiqiang ကို နာမည်ပြောင် “The Cannon” လို့ ခေါ်ကြပါတယ်။ အိမ်ခြံမြေလောကမှာတော့ တကယ့်ကို သြဇာတိက္ကမကြီးတဲ့ သူဌေးတဦးဖြစ်ပြီး နောက်ပိုင်းမှာ အထူးသဖြင့် Ren ကို တရုတ်အစိုးရအပေါ် ဝေဖန်ရေးသားမှုတွေနဲ့ လူသိများလာပါတယ်။
Ren ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဆိုတဲ့ အချက်ကို ပြန်လည် ဝေဖန်ပြောဆိုပြီးတည်းက ပျောက်ဆုံးသွားခဲ့တာလို့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ဆိုပါတယ်။
သူဟာ တရုတ်ပြည်မကြီးမှာ ကူးစက်ခံရသူ ၈၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၁၀၀ ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး အစိုးရဘက်က တုံ့ပြန်မှု နှေးကွေးတာတွေကို ဝေဖန်ထောက်ပြခဲ့ အပြီးမှာ ပျောက်ဆုံးနေတာပါ။
တရုတ်အစိုးရက သမ္မတရှီကို ဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး သူရဲကောင်းတယောက်လို ပုံဖော်နေတာတွေ ရှိပေမယ့် တရုတ်ပြည်သူ တချို့ကတော့ ဗိုင်းရပ်စ် ကူးစက်မှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က အစောတလျင် ဆောင်ရွက်မှု မရှိခဲ့တာကြောင့် အမျက်ဒေါသ ထွက်နေတာတွေကို အစိုးရ တာဝန်ရှိသူတွေဘက်က ဖုံးကွယ်ထားပါတယ်။
အစိုးရဘက်က Ren ရဲ့လှုပ်ရှားမှုတိုင်းကို မပျက် စောင့်ကြည့်နေခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်က Follower များတဲ့ အကောင့်တွေကိုလည်း ပိတ်သိမ်းခိုင်းတဲ့အပြင် နိုင်ငံခြား ထွက်ပြေး တိမ်းရှောင်မှာကိုလည်း ကန့်သတ် ပိတ်ဆိုခဲ့ပါတယ်။ အကြောင်းရင်း တစုံတရာ မသိရဘဲ ပျောက်ကွယ်သွားတဲ့ Ren နဲ့ ပတ်သက်လို့ ဘေဂျင်းမြို့ရဲဌာနက မှတ်ချက် တစုံတရာ မပေးသေးပါဘူး။
“ကျနော်တို့ သူ့ကို အရမ်းစိုးရိမ်နေပါတယ်။ ပြန်တွေ့တဲ့ထိလည်း ရှာသွားမှာပါ” လို့ Ren ရဲ့ သူငယ်ချင်းဖြစ်သူ လုပ်ငန်းရှင်ဟောင်း Wang Ying က ဆိုပါတယ်။
မကြာသေးခင်ကပဲ Ren ရဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခဲ့ပုံနဲ့ ပတ်သက်ပြီး အစိုးရဘက်ကို ဝေဖန်ခဲ့တဲ့ ဆောင်းပါးကို တရုတ်ပြည် အပါအဝင်၊ နိုင်ငံတော်တော်များများမှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
ဆောင်းပါးထဲမှာတော့ Ren ဟာ သမ္မတ ရှီရဲ့နာမည်ကို အတိအလင်း မရေးသားခဲ့ပေမယ့် သူ့လုပ်ရပ်နဲ့ ပြောကြားချက်တွေကို ကြည့်ရင် တရုတ်ခေါင်းဆောင် ရှီကို ပြောနေတယ်ဆိုတာ ရိပ်မိကြပါတယ်။
အသက် ၆၉ နှစ်အရွယ် Ren ဟာ Huayuan အိမ်ခြံမြေလုပ်ငန်းရဲ့ ဥက္ကဋ္ဌဟောင်းတယောက် ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကစလို့ သူ့ ကိုယ်ပိုင် microblog ကတဆင့် ဝေဖန်ရေးစာတွေ ရေးသားခဲ့သူပါ။ ဆောင်းပါးအများစုကတော့ တရုတ်နိုင်ငံမှာ သမ္မတ ရှီရဲ့ အခွင့်အာဏာ ကြီးထွားလာကြောင်းကို ထုတ်ဖော်ရေးသားလေ့ ရှိပါတယ်။
Ref: The New York Times
You may also like these stories:
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာ ထက်ဝက်ကျော် ကျန်းမာရေး ပြန်ကောင်းလာ
စင်ကာပူနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရေးပစ္စည်းများ မြန်မာနိုင်ငံကို လှူဒါန်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျမှာ ကွန်ဒုံးများ အလုအယက် ဝယ်နေကြ