အခုအချိန်ဟာ ကမ္ဘာတဝှမ်း လက်ဆေးရည် ဝယ်ယူမှုဟာ မြင့်တက်နေဆဲ ဖြစ်ပေမယ့် ကုန်ထုတ်လုပ်မှုအပိုင်းနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍမှာတော့ အလျင်စလို လည်ပတ်နေရတဲ့ အချိန်ကာလတခုပဲ ဖြစ်ပါတယ်။
လက်ဆေးရည်နဲ့ တခြားကျန်းမာရေး အထောက်အပံ့ပစ္စည်းတွေကို စနစ်တကျ သုံးစွဲရုံနဲ့ လတ်တလော ကူးစက် ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်မှာဖြစ်ကြောင်း သတင်းတွေ ထုတ်ပြန်ခဲ့တဲ့အတွက် အခုလို ဝယ်လိုအား မြင့်တက်နေရခြင်းလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာတော့ နေ့စဉ် ပြည်သူလူထုရဲ့သွားလာ လှုပ်ရှားနေကျ နေရာတွေအပြင် အကျဉ်းထောင်တွေအထိ လက်ဆေးရည် အလုံအလောက် ထားရှိပေးထားပြီး ထိုင်းနိုင်ငံမှာလည်း လက်ဆေးရည်ကို ကိုယ်ပိုင်သီးသန့် အသုံးအဆောင်ပစ္စည်းအဖြစ် ထားရှိကြဖို့ သတိပေးညွှန်ကြားထားပါတယ်။
လတ်တလော အခြေအနေအရ ပြင်သစ်နိုင်ငံမှာ လက်သန့်ဆေးရည် ပြတ်လပ်နေပြီး ပြင်သစ်အခြေစိုက် လူသုံးကုန်ပစ္စည်း ကုမ္ပဏီကြီးဖြစ်တဲ့ LVMH (Louis Vuitton, Moët, Hennessy) ဘက်က သူတို့ အနေနဲ့ လိုအပ်နေတဲ့ ကုန်ပစ္စည်းကို အလျင်မြန်ဆုံး ထုတ်လုပ်ပေးသွားမှာဖြစ်ကြောင်း၊ အခွန်ကောက်ခံမှု အနေနဲ့ အခမဲ့ဖြစ်ကြောင်း လွန်ခဲ့တဲ့ နာရီအနည်းငယ်ခန့် သတင်းထုတ်ပြန်ခဲ့တာပါ။
LVMH ရဲ့ ဥက္ကဋ္ဌဖြစ်သူ Bernard Arnault ကတော့ အခုလို လက်ဆေးရည် ထုတ်လုပ်မှုကို တနင်္လာနေ့ မနက်မှာ စတင်ဖို့ သူ့အနေနဲ့ ညွှန်ကြားထားခဲ့ပြီးဖြစ်ကြောင်း ပြင်သစ်နိုင်ငံရဲ့ ကျန်းမာရေးဌာတွေနဲ့ ဆေးရုံတွေကို အခမဲ့ မျှဝေသွားမှာ ဖြစ်ကြောင်း သတင်းမှာ ပူးတွဲ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။
“LVMH အနေနဲ့ နိုင်ငံကို တတ်နိုင်တဲ့ဘက်ကနေ ကူညီနေရတယ်လို့ပဲ ခံယူထားတာပါ။ သန်းပေါင်းများစွာသော နိုင်ငံသားတွေအနေနဲ့လည်း အခုလို ဗိုင်းရပ်စ် ပျံ့နှံ့မှုကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ထောက်ပံ့ပေးဖို့လည်း ရည်ရွယ်ပါတယ်”လို့ Bernard က ဖြေကြားခဲ့ပါတယ်။
New York Times သတင်းဌာနရဲ့ သတင်းတွေမှာတော့ LVMH အနေနဲ့ တနင်္လာနေ့ကစလို့ ပထမပတ် အတွင်း လက်သန့်ဆေးရည် ၁၂တန်အထိ ထုတ်လုပ်ထားဖို့ စီစဉ်ထားကြောင်း ၊ နောက်ထပ် လိုအပ်မှုများ ရှိနေဆဲဆိုရင်လည်း ကုန်ထုတ်လုပ်မှုကို ထပ်မံတိုးမြှင့်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Ref. www.thecut.com
You may also like these stories:
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား
အမေရိကန်ကို Covid-19 စမ်းသပ်ကိရိယာနဲ့ Mask တွေ လှူဒါန်းဖို့ ဂျက်မား ကမ်းလှမ်း
ကိုရိုနာနဲ့ ပတ်သက်ပြီး သမ္မတရှီကို ဝေဖန်ခဲ့တဲ့ တရုတ်သူဌေးကြီး တဦး ပျောက်ဆုံးနေ