အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် နွားကျင်ငယ်ရည် သောက်တဲ့ပွဲ တပွဲကို ဟိန္ဒူအုပ်စု တစုက ပြီးခဲ့တဲ့ စနေနေ့က ဦးဆောင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဟိန္ဒူဘာသာဝင်တွေ ဦးဆောင်ပြီး ပြုလုပ်တဲ့ အဲဒီပွဲကို ဟိန္ဒူအများအပြားက လာရောက် ဆင်နွှဲခဲ့ပါတယ်။
ဟိန္ဒူများအတွက် နွားဟာ အထွတ်အမြတ်ထားရာ ဖြစ်တယ်လို့ ယူဆထားကြပြီး နွားရဲ့ ကျင်ငယ်ရည်မှာ ဆေးဘက်ဝင် အာနိသင်တွေရှိတယ်လို့ ယုံကြည်ထားကြတာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများက နွားကျင်ငယ်ရည်ဟာ ကင်ဆာလို ရောဂါတွေကို ပျောက်ကင်းနိုင်စွမ်း မရှိကြောင်း နဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုလည်း ကာကွယ်နိုင်တဲ့ အထောက်အထား မရှိကြောင်း ထပ်တလဲလဲ ပြောဆိုထားပါတယ်။
ဒီနွားကျင်ငယ်ရည် သောက်တဲ့ ပါတီကို နယူးဒေလီ အခြေစိုက် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူများအသင်း Akhil Bharat Hindu Mahasabha က ဦးဆောင် ကျင်းပခဲ့တာဖြစ်ပြီး တက်ရောက်သူ ၂၀၀ ခန့် ရှိခဲ့ပါတယ်။ ပွဲစီစဉ်သူများက အဲဒီလို ကျင်ငယ်ရည်သောက်ပွဲကို အခြားမြို့များမှာလည်း ပြုလုပ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
“ကျနော်တို့ နွားကျင်ငယ်ရည်ကို သောက်လာတာ ၂၁ နှစ်ရှိပြီ။ နွားချေးထဲမှာလည်း ရေချိုးတာပဲ။ အင်္ဂလိပ်ဆေး သောက်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး”လို့ ပွဲကို လာရောက်သူ Om Prakash က ပြောပါတယ်။
အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Chakrapani Maharaj က နွားကျင်ငယ်ရည် ဇွန်းအပြည့်နဲ့ အတူ ဗိုင်းရပ်စ် ရုပ်ပြောင်ကာတွန်းပုံ အနီးကပ်ရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ်မိုဒီရဲ့ အာဏာရဟိန္ဒူအမျိုးသားရေပါတီက ခေါင်းဆောင်တွေဟာ နွားကျင်ငယ်ရည်ကို ဆေးဝါးအဖြစ် သောက်သုံးခြင်းက ကင်ဆာရောဂါကို ကုသပေးနိုင်တယ်လို့ ထောက်ခံပြောဆိုထားကြောင်း သိရပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံက စတင်ဖြစ်ပွားခဲ့တဲ့ Covid-19 ဟာ လက်ရှိမှာ ကမ္ဘာအနှံ့ကို ကူးစက် ပျံ့နှံ့လျက်ရှိပြီး နိုင်ငံအသီးသီးမှာ လူစုလူဝေး ပြုလုပ်ခြင်းတွေကို ရှောင်ကြဉ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။
Ref. reuters.com
You may also like these stories:
လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ
ကိုရိုနာကြောင့် နှစ်ပေါင်း ၂၂ နှစ်အတွင်း ရုံဝင်ငွေ အဆိုးဆုံးကို ဟောလိဝုဒ် ကြုံနေရ
ကိုရိုနာနဲ့ ပတ်သက်ပြီး သမ္မတရှီကို ဝေဖန်ခဲ့တဲ့ တရုတ်သူဌေးကြီး တဦး ပျောက်ဆုံးနေ