အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျောင်းများ၊ ရုပ်ရှင်ရုံများ၊ ပြဇာတ်ရုံများနဲ့ စားသောက်ဆိုင်များကို မတ်လ ၁၆ ရက်နေ့က စတင်ပြီး ပိတ်လိုက်ပြီလို့ သိရပါတယ်။ ဒီလို ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး မြို့တော်ဝန် Bill de Blasio က “ကျနော်တို့အနေနဲ့ မကြုံစဖူး ခြိမ်းခြောက်မှုကို ကြုံနေရတယ်။ ဒါကို စစ်အတွင်း ကိစ္စတွေလိုပဲ စိတ်ထားဖို့ လိုတယ်”လို့ ပြောဆိုထားပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃,၇၇၄ ဦးရှိနေပြီး သေဆုံးသူ ၆၉ ဦး ရှိတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။ နယူးယောက်မြို့ဟာ လူဦးရေ ၈ သန်းခန့်ရှိတဲ့ မြို့ဖြစ်ပြီး သေဆုံးသူ ၅ ဦးရှိကာ ကူးစက်ခံရသူများမှာ အသက် ၅၃ နှစ်မှ ၈၂ နှစ်အတွင်းဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က အမေရိကန်ရဲ့ ကျန်းမာရေးဝန်ထမ်းတဦးက အမေရိကန်နိုင်ငံမှာ လုပ်ဆောင်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခြင်းတွေဟာ အောင်မြင်ခြင်း မရှိဘူးလို့ ပြောဆိုထားပါတယ်။
အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး အစိုးရကျောင်းများကို ပိတ်ထားတာတွေ ရှိနေပြီဖြစ်တာကြောင့် မိဘတွေအနေနဲ့ ဗျာများမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ နယူးယောက် မြို့တော်ဝန်ကတော့ အခုလို ဆုံးဖြတ်ချက်တွေ ချရတာဟာ ဝမ်းနည်းစရာကောင်းကြောင်း ပြောဆိုထားပါတယ်။
“ဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ အရမ်းကို မြန်ဆန်ပါတယ်။ နယူးယောက်မှာရှိတဲ့ စားသောက်ဆိုင်တွေနဲ့ ဘားတွေမှာ ပြည်သူတွေဟာ အမြဲနီးကပ်စွာ ထိုင်နေရတာကြောင့် ရောဂါကူးစက်ဖို့ အလားအလာက အရမ်းများလွန်းတာကြောင့် အခုလို ပိတ်ဖို့ စီစဉ်ရတာဖြစ်တယ်”လို့ မြို့တော်ဝန်က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
မြို့တော်ကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အရ နယူးယောက်မြို့မှာ စားသောက်ဆိုင် ၂၇,၀၀၀ ရှိတယ်လို့ သိရပါတယ်။ ပိတ်ဖို့ အမိန့်ထုတ်ပြန်လိုက်တဲ့ ဆိုင်တွေကတော့ စားသောက်ဆိုင်၊ နိုက်ကလပ်၊ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံနဲ့ လူစုလူဝေးများရာ နေရာတွေဖြစ်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
Ref. BBC
You may also like these stories:
လန်ဒန်မြို့မှာ ကမ္ဘာ့အငယ်ဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဖြစ်လာတဲ့ ကလေးငယ်
Covid-19 ကြောင့် အမျိုးသားများ မျိုးအောင်ခြင်းကို ထိခိုက်စေနိုင်သည့် သတင်း ဟူဘေးအစိုးရပြန် ဖြုတ်ချရ
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြုံနေရချိန်မှာ ဘယ်လို နေထိုင်ရမလဲ