ကိုရိုနာဗိုင်းရပ်စ်ဟာ လူစုလူဝေးကနေတဆင့် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နိုင်တဲ့ ရောဂါ တမျိုးပါ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကနေ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကို ကမ္ဘာ့ကပ်ရောဂါ အနေနဲ့ တရားဝင် ကြေညာထားပါတယ်။
လက်ရှိ အချိန်အထိတော့ မြန်မာနိုင်ငံမှာ ရောဂါ ကူးစက်ခံရသူ မတွေ့သေးဘူး ဆိုပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ သတိကြီးကြီးထားပြီး ဆောင်ရွက်သင့်ပါတယ်။ လူစုလူဝေးများ ဖြစ်ပေါ်စေတဲ့ ဘာသာရေး အခမ်းအနားတွေကိုလည်း ယာယီပိတ်ပင်ထားသင့်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု များပြားခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ဘာသာရေး အခမ်းအနားကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာတွေ ရှိသလို မလေးရှားနိုင်ငံမှာလည်း ဘာသာရေး အခမ်းအနားတခုကနေ လူပေါင်း ၂၅၀ ကျော် ရောဂါ ကူးစက်ခဲ့တာ တွေ့ရတယ်။
ဒါကြောင့်လည်း ဒီလိုအချိန်မျိုးမှာ ပွဲလမ်းသဘင်နဲ့ ဘာသာရေး အခမ်းအနားတွေကို ရှောင်ကြဉ်သင့်ပါတယ်။ နိုင်ငံတကာမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကို မပြန့်ပွားအောင် အထူး ကြပ်မတ် ဆောင်ရွက်နေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့လည်း ကျန်းမာရေးသတိ ပိုပြီး ရှိသင့်ပါတယ်။
မွန်ပြည်နယ်က ကျိုက်ထီးရိုးတောင်ကို ဘုရားဖူး ဧည့်သည်ပေါင်း နေ့စဉ် ထောင်နဲ့ချီပြီး လာရောက်လေ့ ရှိကြပါတယ်။ ပြည်တွင်း ခရီးသွားတွေသာမက နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေလည်း လာရောက်ကြပါတယ်။
ကျိုက်ထီးရိုးတောင်မှာ ကိုယ်အပူချိန်တိုင်း ကိရိယာတွေ လုံလုံလောက်လောက် မရှိသေးဘူးလို့ ကြားသိရပါတယ်။ နေ့စဉ်လိုလို လာရောက်နေကြတဲ့ ဘုရားဖူး ဧည့်သည်တွေထဲမှာ ရောဂါကူးစက်ခံရသူ တယောက်သာ ပါလာခဲ့မယ်ဆိုရင်တော့ မတွေးဝံ့စရာပါပဲ။
ဒါကြောင့်လည်း မြန်မာနိုင်ငံသားတွေအနေနဲ့ သတ္တိ သိပ်မကောင်းစေချင်ပါဘူးလို့ သထုံမဲဆန္ဒနယ်အမှတ် ၂ က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဧရာဝတီကို ပြောပါတယ်။
နိုင်ငံတော်သမ္မတရုံးကလည်း ပွဲလမ်းသဘင်အခမ်းအနားတွေ ၊ လူစုလူဝေးတွေကို ဧပြီ ၃၀ ရက်နေ့ အထိမပြုလုပ်ကြဖို့ မတ်လ ၁၃ ရက်နေ့က ညွှန်ကြားခဲ့ပါတယ်။ WHO က ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီးနောက် နိုင်ငံအသီးသီးမှာ လူစုလူဝေးကို ရှောင်ကြဉ်ကြဖို့ ညွှန်ကြားထားသလို နိုင်ငံအချို့ကိုလည်း ခရီးသွားလာခွင့်တွေ ပိတ်ပင်လိုက်ပါတယ်။
ကျိုက်ထီးရိုးတောင် ဘုရားဖူး ဧည့်သည်တွေကို ယာယီ ပိတ်တာမျိုး မရှိသေးရင်တော့ ကိုရိုနာရောဂါ ကို ဖိတ်ခေါ်သလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်လည်း မွန်ပြည်နယ် လွှတ်တော်က မွန်ပြည်နယ်အစိုး ရကို စာပေးပို့သွားမယ်လို့ သိရပါတယ်။
ပြည်နယ်အစိုးရဘက်က ပြန်လည်သုံးသပ် ပြင်ဆင်တာမျိုး မပြုလုပ်ခဲ့ရင် မွန်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးခေါ်ယူပြီး အဆိုတရပ် တင်သွင်းသွားမယ်လို့ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
You may also like these stories:
ကိုရိုနာကြောင့် ရုပ်ရှင်ရုံတွေ ပိတ်တဲ့အပေါ် ထုတ်လုပ်သူတွေရဲ့ အမြင်
နေ့ကလေးထိန်းကျောင်းများ ယာယီပိတ်ရန် လူမှုဝန်ထမ်းက နိုင်ငံတော်သို့ တင်ပြ
လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ