လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေအရ အမေရိကန်မှာပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိလာတာကြောင့် အမေရိကန်နိုင်ငံသားတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သေနတ်နဲ့ ခဲယမ်းတွေကို ဝယ်ယူမှု များနေတယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းက သေနတ်ဆိုင်တွေမှာ သေနတ်ဝယ်ဖို့အတွက် လူပေါင်းများစွာ တန်းစီနေကြတယ်လို့ သိရပါတယ်။
“လူ့အခွင့်အရေးသမားတွေ၊ နိုင်ငံရေးသမားတွေနဲ့ သေနတ်ကိုင်ခြင်းကို ဆန့်ကျင်တဲ့သူတွေက သေနတ်ကို မကိုင်သင့်ဘူးလို့ ဘယ်လောက်ပဲပြောပြော အခုအချိန်က သေနတ်ဝယ်ဖို့ အချိန်ကို ရောက်နေပြီ။ လူတွေက တကယ်ကို ကြောက်ရွံ့နေကြပြီလေ။ ဒီအချိန်မှာ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ပဲ ချသင့်တယ်”လို့ သေနတ် လာဝယ်သူ တဦးက ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး သေနတ်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ Larry Hyatt ကတော့ လူတွေဟာ ကြောက်ရွံ့တဲ့အတွက် သေနတ်တွေ ဝယ်ယူနေကြတာဖြစ်ကြောင်းနဲ့ သူ့ရဲ့ ဆိုင်သက်တမ်းတလျှောက်မှာ မကြုံဖူးလောက်တဲ့အထိ ဝယ်ယူမှုတွေ များပြားနေတယ်လို့ ဂါးဒီးယန်းသတင်းဌာနကို ပြောပါတယ်။
“ကျနော် ဆိုင်ဖွင့်လာတဲ့ ၆၁ နှစ် သက်တမ်းတလျှောက်မှာ ဒီလို သေနတ်ဝယ်ယူမှု များပြားတာ ဒါ ဒုတိယအကြိမ်ပါပဲ။ ပထမတခါက ၂၀၁၂ ခုနှစ်မှာ မူလတန်း ကျောင်းတကျောင်းကို သေနတ်နဲ့ ပစ်ခတ်မှုတုန်းကပါ။ ကျနော်တို့ဆိုင်မှာ လူတွေက သူတို့ရဲ့ မိသားစုဝင်တွေကို ကာကွယ်ဖို့ သေနတ်နဲ့ ခဲယမ်းတွေကို အများအပြား လာဝယ်နေကြတယ်”လို့ သူက ပြောပါတယ်။
အဲဒီ သေနတ်ဆိုင်ပိုင်ရှင်က သေနတ် ဝယ်ယူသူတွေဟာ AR-15 semi-automatic assault-style ရိုင်ဖယ်ကို ဝယ်ယူသူများကြောင်းနဲ့ အမှန်တကယ်ကို ကြောက်ရွံ့နေပုံပေါ်ကြောင်း၊ အမဲလိုက်သေနတ်ကို ဝယ်ယူမှုတော့ မရှိကြောင်း သုံးသပ်ပြထားပါတယ်။
သေနတ် ဝယ်ယူမှုများတာနဲ့ ပတ်သက်ပြီး သူက “အခုလို ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာတော့ ငွေကြေးကြပ်တည်းမှုတွေ ရှိလာနိုင်တယ်။ နိုင်ငံရေးအရ အပြောင်းအလဲတွေ ပေါ်နိုင်ပြီး ရာဇဝတ်မှုတွေကို ဆက်လက် ဦးတည်စေနိုင်တာတွေကြောင့် လူတွေအနေနဲ့ ကာကွယ်ဖို့ ဝယ်ယူကြတာ ဖြစ်နိုင်တယ်”လို့ ပြောဆိုခဲ့ပါတယ်။
ခဲယမ်းတွေကို အွန်လိုင်းမှတဆင့် ရောင်းချတဲ့ ဝက်ဘ်ဆိုက်တွေမှာတော့ ခဲယမ်းဝယ်ယူမှုဟာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ မတ်လ ၄ ရက်အတွင်း ရောင်းရမှု ၆၈ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ ဝယ်ယူမှု မြင့်တက်လာတဲ့ ပြည်နယ်တွေကတော့ ပန်ဇလ်ဗေးနီးယား၊ တက္ကဆက်၊ ဖလော်ရီဒါ၊ အီလီနွိုက်နဲ့ နယူးယောက်ပြည်နယ်တို့ ဖြစ်ပါတယ်။
လက်နက်များကို အင်တာနက်မှတဆင့် ရောင်းချတဲ့ Ammo.com ရဲ့ မန်နေဂျာဖြစ်သူ Alex Horsman က “ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ စပြီဆိုကတည်းက ရောင်းအားတွေ မြင့်တက်လာတာဆိုတော့ ကျနော့်အမြင်အရ လူတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အပြောင်းအလဲတွေကို ကြောက်ရွံ့နေပုံ ပေါ်ပါတယ်”လို့ ဆိုပါတယ်။
“လူတွေက ရောဂါတွေ ပျံ့နှံ့လာတော့ အရမ်းကို ကြောက်ရွံ့နေကြတယ်။ သူတို့ကိုယ် သူတို့ မလုံခြုံတော့ဘူးလို့ ခံစားနေရတယ်။ နောက်ပြီး တရုတ်လူမျိုးတွေကိုလည်း ပစ်မှတ်တွေ ထားနေကြတယ်”လို့ လက်နက်ရောင်းသူ ဖြစ်တဲ့ တရုတ်-အမေရိကန် David Liu က ပြောပါတယ်။
အခုလို လက်နက် ဝယ်ယူမှုတွေကြောင့် အကြမ်းဖက်မှုတွေ များလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
Ref. The Guardian
You may also like these stories:
ကိုရိုနာကူးစက်မှု ကာကွယ်ဖို့ ထိုင်းတက္ကသိုလ်များ အွန်လိုင်းစနစ်နဲ့ ပညာသင်ရန် တိုက်တွန်းထား
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပနိုင်ငံများကို ဗီယက်နမ်က ပြည်ဝင်ခွင့် ပိတ်ပင်
ကိုရိုနာကြောင့် နယူးယောက်မှာ ပြဇာတ်ရုံ၊ စားသောက်ဆိုင်နဲ့ ကျောင်းများ ပိတ်ထား