ကိုရိုနာဗိုင်းရပ်စ် (Covid-19) ရောဂါ ဖြစ်ပွားနေတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံဟာ ရောဂါဖြစ်ပွားသူ အရေအတွက် အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ရက် အနည်းငယ်က အစ္စလာမ် ဘာသာရေးပွဲတော်ကို တက်ရောက်ခဲ့ကြတဲ့ လူပေါင်း ၂၅၀ နီးပါး ရောဂါကူးစက်ခံထားရပါတယ်။ ဒီပမာဏဟာ မလေးရှားနိုင်ငံ ရောဂါကူးစက်ခံနေရသူရဲ့ ထက်ဝက်နီးပါး ရှိပါတယ်။
အဆိုပါ ဘာသာရေး အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ တခြားနိုင်ငံသားတွေလည်း ရောဂါ ကူးစက်ခံထားရပါတယ်။ အဲဒီ ဘာသာရေးအခမ်းနားကို ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံကလူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဘရူနိုင်းနိုင်ငံမှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ ရောဂါကူးစက်ခံထားရသူဟာ အဲဒီ ဘာသာရေး အခမ်းအနားကိုတက်ရောက်ခဲ့သူပါ။ ဒါကြောင့်လည်း လူစုလူဝေးနဲ့ ကျင်းပတဲ့ ဘာသာရေး အခမ်းအနားတွေကို အထူး ရှောင်ကြဉ်သင့်ပါတယ်။ စင်ကာပူနိုင်ငံမှာလည်း အဲဒီ ဘာသာရေးပွဲတော်ကို သွားရောက်ခဲ့သူ ရောဂါ ကူးစက်ခံခဲ့ရကြောင်း ကြေညာခဲ့ပါတယ်။
အခုဆိုရင်တော့ မလေးရှားအစိုးရက နိုင်ငံခြား ခရီးသွားတာကို တားမြစ်လိုက်တဲ့အပြင် ဘာသာရေးဆိုင်ရာ ပွဲတော်တွေ၊ စာသင်ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရရုံးတွေကို မတ်လ ၁၈ ရက်နေ့ကနေ မတ်လ ၃၁ နေ့အထိ ပိတ်ထားမှာဖြစ်ကြောင်း မလေးရှားဝန်ကြီး ချုပ် Muhyiddini Yassin က ကြေညာလိုက်ပါတယ်။
ဝန်ကြီးချုပ်က မလေးရှား နိုင်ငံသားတွေ ခရီးထွက်တာကို တားမြစ်လိုက်တဲ့အပြင် နိုင်ငံခြားခရီးသွားတွေကိုလည်း ပြည်ဝင်ခွင့် မပြုတော့ပါဘူး။ နိုင်ငံရပ်ခြားက ပြန်လာတဲ့ မလေးရှား နိုင်ငံသားတွေကို လည်း သီးသန့်ခွဲထားပြီး ၁၄ ရက်ကြာ စောင့်ကြည့် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ ၂ ရက်အတွင်း လူပေါင်း ၃၁၅ ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။ အခုဆိုရင်တော့ မလေးရှားနိုင်ငံမှာ လူပေါင်း ၅၅၃ ယောက် ရောဂါ ကူးစက်ခံထားရပြီး အရှေ့တောင်အာရှမှာ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ တနိုင်ငံလုံး ပိတ်ချလိုက်မှာ စိုးရိမ်တဲ့အတွက် စူပါမားကတ်တွေမှာ အလုအယက် ဈေးဝယ်နေကြတယ်လို့ သိရပါတယ်။
မလေးရှား ဝန်ကြီးချုပ်ကတော့ နိုင်ငံသားတွေအနေနဲ့ စိတ်အေးအေးထားဖို့နဲ့ စားနပ်ရိက္ခာ၊ Mask တွေ လုံလုံလောက်လောက် ရှိကြောင်း၊ ကျန်းမာရေးထောက်ပံ့မှုလည်း ပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။
Ref: abcnews.go
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီးယူနိုင်ငံတွေကို ခရီးသွား ဝင်ရောက်မှု ယာယီပိတ်ပင်
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဒုတိယအများဆုံးနိုင်ငံ ဖြစ်လာတဲ့ ထိုင်းနိုင်ငံ