စင်ကာပူမှာ အိမ်ထောင်စုတိုင်းကို အယ်လ်ကိုဟောမပါတဲ့ လက်သန့်ဆေးရည် ၅၀၀ မီလီလီတာကို မတ်လ ၂၃ရက်နေ့က စတင်ပြီး ဧပြီလ ၅ ရက်နေ့အထိ အခမဲ့ပေးဝေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကြေညာချက်ကို Temasek Foundation က မတ်လ ၁၇ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး Community Club များနဲ့ CapitaLand ကုမ္ပဏီရဲ့ ဈေးဝယ်စင်တာ ၁၆ ခုမှာ ရယူသွားနိုင်မှာ ဖြစ်ပါတယ်။ တနင်္လာနေ့မှ သောကြာနေ့အထိ ညနေ ၃နာရီကနေ ည ၉နာရီအတွင်းနဲ့ စနေ၊တနင်္ဂနွေတွေမှာ မနက် ၁၀နာရီကနေ ည ၉ရီအတွင်း အဲဒီနေရာတွေမှာ လက်သန့်ဆေးရည်ကို အခမဲ့ရရှိနိုင်မှာ ဖြစ်ပါတယ်။
” အခုလို ကပ်ရောဂါတွေ ဖြစ်နေချိန်မှာ လူတွေကို ကူညီရတာဟာ ဝမ်းသာစရာပါပဲ။ Temasek ဖောင်ဒေးရှင်းအနေနဲ့ တစိတ်တဒေသပါဝင်ကူညီခွင့်ရတာ ဝမ်းသာပါတယ် ” လို့ Temasek ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Lim Boon Heng ကပြောပါတယ်။
လူစုလူဝေးမဖြစ်စေဖို့အတွက် အိမ်ထောင်စုတိုင်းကို လက်သန့်ဆေးယူရမယ့် ရက်တွေ ဖော်ပြထားတဲ့ လက်ကမ်း စာစောင်များကို ဝေငှသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်သန့်ဆေးရည် လာရောက်ယူမယ့်အချိန်မှာ အဲဒီလက်ကမ်းစာစောင်ကို ယူဆောင်လာရမှာဖြစ်ပါတယ်။
အိမ်ထောင်စု ၁ဒဿမ ၅သန်းကို လက်သန့်ဆေးပေးဝေမယ့်အစီအစဉ်မှာ စေတနာဝန်ထမ်း ၂သောင်းကျော်က ပါဝင်ကူညီကြမှာဖြစ်ပြီး ပထမရက်သတ္တပတ်ရဲ့ သတ်မှတ်ရက်မှာ လက်သန့်ဆေးရည် လာရောက်မယူဖြစ်တဲ့ မိသားစုတွေကို ဒုတိယရက်သတ္တပတ်မှာ ပြန်လည်ပေးဝေသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref; todayonline.com/
You may also like these stories:
COVID-19 ကြောင့် ပြည်ပနိုင်ငံသို့ အလုပ်သမားပို့ဆောင်မှု ယာယီရပ်ဆိုင်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မလေးရှား အစိုးရရုံးများ ပိတ်တော့မည်