အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရက်အတွင်း သေဆုံးသူ ၄၇၅ ဦးရှိ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ မတ်လ ၁၈ ရက်နေ့က တရက်အတွင်း သေဆုံးသူ ၄၇၅ ဦး ရှိခဲ့ပြီး ရောဂါ ပျံ့နှံ့မှုတွေ ရှိတဲ့ ကမ္ဘာ့နိုင်ငံများမှာ တရက်အတွင်း သေဆုံးသူ အများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းအထိ ရောဂါကူးစက်ခံရသူ ၃၅,၇၁၃ ဦးရှိပြီး သေဆုံးသူ ၂,၉၇၈ ဦးအထိရှိတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ ရောဂါမှ ပြန်လည် သက်သာလာသူ ၄,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
ရောဂါကူးစက်မှု အများဆုံးဖြစ်တဲ့ Lombardy ဒေသမှာလည်း မတ်လ ၁၅ ရက်နေ့က ၃၁၉ ဦး သေဆုံးခဲ့ပါတယ်။ အီတလီဟာ တရုတ်နိုင်ငံပြီးနောက် ရောဂါပျံ့နှံ့မှုကို အများဆုံးခံရတဲ့ နိုင်ငံဖြစ်ပြီး လူဦးရေ သန်း ၆၀ ရှိတဲ့ အီတလီမှာ COVID-19 ကြောင့် သေဆုံးမှုဟာ ကမ္ဘာတဝှမ်း သေဆုံးမှုတွေရဲ့ ၃၄ ဒဿမ၂ ရာခိုင်နှုန်းအထိ ရှိလာတာ ဖြစ်ပါတယ်။
ရောဂါ ပျံ့နှံ့မှုရဲ့ ၈၀ ရာခိုင်နှုန်းဟာ အနောက်ပစိဖိတ်ဒေသများနဲ့ ဥရောပမှာ ဖြစ်ပွားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။ “အရေးအကြီးဆုံးက အရှုံးမပေးဖို့ပါ။ ဗိုင်းရပ်စ်ထိန်းချုပ်ရေး စီမံဆောင်ရွက်မှုတွေရဲ့ အကျိုးရှိမှုကို တွေ့ရဖို့က ရက်အနည်းငယ် ကြာပါလိမ့်မယ်” လို့ Italian National Institute of Health အကြီးအကဲ Silvio Brusaferro က ပြောပါတယ်။
အီတလီမှာ မတ်လ ၁၂ ရက်နေ့က စတင်ခဲ့တဲ့ အသွားအလာ ပိတ်ပတ် ကန့်သတ်မှုအရ မတ်လ ၂၅ ရက်နေ့အထိ စီးပွားရေးလုပ်ငန်း အများစုကို ပိတ်ထားပြီး အများပြည်သူ စုဝေးမှုကိုလည်း တားမြစ်ထားပါတယ်။
Ref. BBC,AFP
You may also like these stories
ကိုရိုနာကြောင့် နယူးယောက်မှာ ပြဇာတ်ရုံ၊ စားသောက်ဆိုင်နဲ့ ကျောင်းများ ပိတ်ထား
လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား