Trend

“Kung Flu လား၊ တရုတ်ဗိုင်းရပ်စ်လား”

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Corona Virus (Covid-19) ကို “တရုတ်ဗိုင်းရပ်စ်” Chinese Virus လို့ ခေါ်နေတာကို ဝိုင်းပြီး ဝေဖန်ခဲ့ကြပါတယ်။

ဒီလို “တရုတ်ဗိုင်းရပ်စ်” လို့ ခေါ်တာဟာ Racist လူမျိုးရေး ခွဲခြားသူဖြစ်တယ်လို့ ဝေဖန်တာကို သမ္မတ ထရမ့်ဟာ ဒါဟာ Racist မဟုတ်ကြောင်း တရုတ်ပြည်ကလာလို့ ခေါ်တာလို့ သူက ခုခံချေပခဲ့ပါတယ်။ ဒီလို “တရုတ်ဗိုင်းရပ်စ်” လို့ ခေါ်တာကို တရုတ်အစိုးရကလည်း လက်မခံခဲ့ပါဘူး။

“ကျနော်က Racist မဟုတ်ပါဘူး။ တရုတ်ပြည်က လာတဲ့အတွက်ကြောင့် “တရုတ်ဗိုင်းရပ်စ်”လို့ ခေါ်တာပါ”လို့ သမ္မတ ထရန့်က ပြန်ပြီး ရှင်းပြပါတယ်။

ပြီးခဲ့တဲ့တပတ်ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က ဒီ Covid-19 ရောဂါပိုး ပျံ့နှံ့မှုရဲ့နောက်ကွယ်မှာ အမေရိကန်စစ်တပ် ပါဝင် ပတ်သက်တယ်ဆိုတဲ့ သီအိုရီနဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။ “It might be US army who brought the epidemic to Wuhan” ဆိုပြီး ဝူဟန်ကို ဒီကူးစက်ရောဂါသယ်လာတာ အမေရိကန်စစ်တပ် ဖြစ်နိုင်တယ်လို့ Twitter မှာ ရေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေး ဆက်ဆံရေး အခြေအနေတွေ ဆိုးဝါးနေချိန်မှာ Covid-19 ကူးစက်ရောဂါဖြစ်ခဲ့ပြီး အင်အားကြီး နှစ်နိုင်ငံအကြား ဒီရောဂါနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ပိုပြီးကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။

ဒီလိုကမ္ဘာကြီးမှာ ကပ်ရောဂါလို့ ပြောရတဲ့ ဘေးဆိုးကြီး ဆိုက်နေချိန်မှာ တယောက်နဲ့ တယောက် တနိုင်ငံနဲ့ တနိုင်ငံ လက်ညှိုးထိုး အပြစ်ပုံချနေရမယ့်အချိန် မဟုတ်ကြောင်း တနိုင်ငံနဲ့တနိုင်ငံ ပူးပေါင်းကူညီဆောင်ရွက်ရမယ့် အချိန်ဖြစ်ကြောင်း Charlie Woo ဆိုတဲ့ တရုတ်-အမေရိကန် အဖွဲ့အစည်းကြီးရဲ့ Chief Executive က ပြောဆိုခဲ့ပါတယ်။

ဒီလိုပြောဆိုခဲ့ပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ဝူဟန်ဗိုင်းရပ်စ်ဆိုတဲ့ စကားကို ထည်လဲ သုံးနေခဲ့တာ တွေ့ရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးက ဒီကိစ္စမှာ တရုတ်ကွန်မြူနစ်ပါတီမှာ တာဝန်ရှိတဲ့အကြောင်း အမေရိကန်အပါအဝင် အီတလီ၊ တောင်ကိုရီးယားနဲ့ အီရန်လူမျိုးတွေ ရောဂါခံစားနေရတာတွေအပြင် ဒီရောဂါခံစားနေရတဲ့ တရုတ်လူမျိုးတွေအတွက်လည်း တာဝန်ရှိကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း အိမ်ဖြူတော်ရဲ့ အရာရှိကြီးတဦးက Corona Virus ကို “Kung Flu” လို့ ခေါ်ဆိုလိုက်တဲ့အတွက်ကြောင့်လည်း သတင်းမီဒီယာတွေအတွက် ရေးစရာသတင်းတပုဒ် ဖြစ်သွားခဲ့ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာတော့ ပထမဆုံးအကြိမ်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရတဲ့ လူနာအသစ် မတွေ့ရတဲ့အကြောင်း သတင်းကောင်းတပုဒ် တက်လာပါတယ်။

You may also like these stories:

အိန္ဒိယမှာ Covid-19 ကာကွယ်ရေးအတွက် နွားကျင်ငယ်ရည် သောက်ပွဲ ကျင်းပ

ကိုရိုနာကြောင့် နယူးယောက်မှာ ပြဇာတ်ရုံ၊ စားသောက်ဆိုင်နဲ့ ကျောင်းများ ပိတ်ထား

လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ

Loading