COVID-19 ကို တုံ့ပြန် ကာကွယ်တဲ့အခါမှာ အကောင်းဆုံးနည်းကတော့ ကိုယ့်အိမ်ထဲမှာ နေတာဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေ၊ ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။ ဒါကြောင့် Stay Home Message တွေ Campaign တွေက ဒီနေ့ ရေပန်းအစားဆုံးပဲ ဖြစ်ပါတယ်။
ဒါကြောင့် အချို့နိုင်ငံက ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေက “You stay at home for us, I stay at work for you” ဆိုပြီး Campaign Poster တွေ ထုတ်ပြီး ဆိုရှယ် မီဒီယာကနေ အသိပညာပေးတာတွေ လုပ်လာပါတယ်။ ဒီသဘောကတော့ “အိမ်မှာနေကြပါ” “ကျနော်/ကျမတို့ကတော့ ဒီမှာနေပြီး (ဆေးရုံ) အလုပ် လုပ်နေပါတယ်” လို့ ဆိုလိုတာပါ။
ထိုင်းနဲ့ မလေးရှားနိုင်ငံက ဆေးရုံဝန်ထမ်းတွေက ဒီလို Stay Home Campaign ကို လုပ်ဆောင်နေတာ တွေ့ရပါတယ်။ မလေးရှားနိုင်ငံမှာ ၇၉၀ ဦး COVID-19 ရောဂါ ခံစားနေရပြီး ၂ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ထိုင်းမှာတော့ COVID-19 ဖြစ်နေသူ ၂၇၂ ဦး ရှိပါတယ်။
နိုင်ငံတကာမှာ စက်ရုံတွေခေတ္တပိတ်၊ ကုမ္ပဏီတွေက သူတို့ရဲ့ဝန်ထမ်းတွေကို အိမ်မှာပဲနေပြီး အလုပ်လုပ်ခိုင်း၊ ကျောင်းတွေကိုပိတ်၊ တက္ကသိုလ် စာသင်ခန်းတွေကို ခေတ္တပိတ်ပြီး Online ကနေ သင်ကြားပြသနေချိန် ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ COVID-19 ရောဂါကူးစက်နှုန်းကို လျှော့ချနိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
COVID-19 ရောဂါပိုးဟာ လူတဦးနဲ့ တဦးအကြားမှာ ကူးစက်ပျံ့နှံ့တာ အလွန်မြန်ဆန်တဲ့ ရောဂါပိုးလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လူစည်ကားတဲ့ နေရာတွေကို မသွားဖို့၊ လူစုလူဝေး မလုပ်ဖို့၊ လူပေါင်း ၅၀-၁၀၀ လောက်ရှိတဲ့ စည်းဝေးမှုတွေ မလုပ်ဖို့ အစိုးရတွေ အာဏာပိုင်တွေက တားမြစ်ထားတာ ဖြစ်ပါတယ်။
COVID-19 ကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးမရှိသေးတဲ့အချိန်မှာ လူတဦးချင်းစီဟာ သူတို့ရဲ့ကိုယ်ခန္ဓာတွေ ကျန်းမာဖို့၊ အိပ်ရေးဝဖို့၊ ကိုယ်ခံအားကောင်းဖို့ လိုတယ်လို့ ဆိုတယ်။
You may also like these stories:
“Kung Flu လား၊ တရုတ်ဗိုင်းရပ်စ်လား”
ကိုရိုနာကြောင့် ရပ်နားထားခဲ့တဲ့ “Mission: Impossible 7” ရုပ်ရှင်ရိုက်ကူးရေး ပြန်လည် စတင်
အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရက်အတွင်း သေဆုံးသူ ၄၇၅ ဦးရှိ