ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အဆိုးမြင် ထိတ်လန့်နေသူတွေရှိသလို အကောင်းဘက်က ရှုမြင်မယ်ဆို စိတ်ကျေနပ်စရာ အခြေအနေတွေလည်း ရှိနေပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆမတန် မြင့်မားလာတဲ့ အီတလီနိုင်ငံမှာ ကန့်သတ် ထိန်းချုပ်ခြင်းကြောင့် ဗင်းနစ်မြို့ရဲ့ ရေစီးကြောင်းတွေ ပြန်လည် ကြည်လင်လာတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
ဗိုင်းရပ်စ် ထိန်းချုပ်ကာလအတွင်းမှာ အီတလီနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဟာ တနေ့ထက် တနေ့ ပြန်လည် သန့်စင်လာပြီဖြစ်ပြီး သိပ္ပံပညာရှင်နဲ့ သုတေသနပညာရှင်တွေဘက်ကလည်း NO2 (Nitrogen dioxide) သက်ရောက်မှုနှုန်း လျော့နည်းသွားကြောင်း သဘောတူ လက်ခံထားကြပါတယ်။
ဗင်းနစ်မြို့ရဲ့ လမ်းတွေဟာ လူအသွားအလာ မရှိ ရှင်းလင်းနေတာကြောင့် လေထုဟာ ပိုမို လတ်ဆတ်လာခဲ့ပြီး အရင်က ကြည်ကြည်လင်လင် မရှိခဲ့တဲ့ မြို့ရဲ့ တူးမြောင်းထဲက ရေတွေဟာ တဖန် ပြန်လည်ကြည်လင်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို WHO ရဲ့ ကမ္ဘာ့ကပ်ရောဂါ ဘေးတခုအဖြစ် ကြေညာပြီးနောက်ပိုင်းမှာတော့ မျှော်လင့်မထားတဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ အီတလီနိုင်ငံရဲ့ ဗင်းနစ်မြို့ဟာ ကမ္ဘာလှည့် ခရီးသွားတွေကို ဖမ်းစားထားနိုင်တဲ့ မြို့တမြို့အဖြစ် သတ်မှတ်ခြင်းခံထားရပြီး အမြဲမပြတ် ခရီးသွားလာမှုတွေနဲ့ စည်ကားခဲ့ဖူးပါတယ်။
လူအသွားအလာ ပြတ်တောက်သွားခဲ့ပေမယ့် မြို့ရဲ့နေရာအနှံ့မှာ ခိုငှက်တွေ ဟိုဟိုဒီဒီ လျှောက်သွားနေတာသာ တွေ့နိုင်တော့တယ်လို့ ပြည်တွင်း သတင်းတချို့မှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေကတည်းက ခရီးသွားဧည့်သည် အလွန်အကျွံ များပြားမှု၊ ရေပေါ်အဆောက်အဦတွေနဲ့ ရေကြီးခြင်းတွေဟာ ဗင်းနစ်မြို့ ကြုံတွေ့နေရတဲ့ ပြဿနာ အခက်အခဲတွေဖြစ်ပြီး အခုလို ကန့်သတ်ပိတ်ဆို့ ကာလမှာတော့ ကောင်းကျိုးတွေအနေနဲ့ လေထုညစ်ညမ်းမှုအပြင် ရေထုညစ်ညမ်းမှုကိုပါ လျှော့ချနိုင်ခဲ့ပြီဖြစ်ကြောင်း သိပ္ပံနဲ့ သုတေသနပညာရှင်တွေက ထုတ်ပြန် ကြေညာခဲ့ကြပါတယ်။
Ref. www.boredpanda.com
You may also like these stories:
COVID-19 အကြောင်း အွန်လိုင်းကနေ အခမဲ့ သင်ကြားပေးမယ့် သင်တန်း
ရေလွှမ်းမိုးမှုကြောင့် ဗင်းနစ်မြို့မှာ အရေးပေါ်အခြေအနေ ကြေညာ