အမေရိကန်နိုင်ငံက အကျဉ်းထောင်များမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တွေ့ရှိရတာကြောင့် အကျဉ်းသားများကို ပြန်လွှတ်ပေးနေတယ်လို့ သိရပါတယ်။
နယူးယောက်မြို့မှာ ဗိုင်းရပ်စ် ကူးစက်ခံရလွယ်တဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးနေကြောင်း မြို့တော်ဝန်က မတ်လ ၁၈ ရက်နေ့က ပြောပါတယ်။ လော့စ်အိန်ဂျလိစ်မြို့နဲ့ ကလီဗီလန်းမြို့တွေမှာ ရာနဲ့ချီတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ နယူးယောက်မှာလည်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
အကျဉ်းထောင်ထဲမှာ ရှိနေသူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်မှုနဲ့ ပျံ့နှံ့စေနိုင်မှု အန္တရာယ်မြင့်မားကြောင်း အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး ထောက်ခံအားပေးသူတွေက ပြောပါတယ်။
“တာဝန်ရှိသူတွေက ယခု ရက်သတ္တပတ်အတွင်း အကျဉ်းထောင်မှ ပြန်လွှတ်ပေးမယ့်သူတွေကို ရွေးချယ် သတ်မှတ်သွားမယ်”လို့ နယူးယောက် မြို့တော်ဝန် Bill de Blasio က ဆိုပါတယ်။
Sing Sing ကဲ့သို့ နယူးယောက်ရှိ အခြား အကျဉ်းထောင်တွေမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အကျဉ်းသားများရှိနေခဲ့ပြီး ပြည်နယ်အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတဦးလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်ကောင်တီ ရဲဌာနက ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အကျဉ်းသားဦရေကို ၆၀၀ လျှော့ချခဲ့ကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်ကောင်တီ အကျဉ်းထောင်စနစ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးဖြစ်ပြီး အကျဉ်းသားဦးရေ ၂၂,၀၀၀ ဝန်းကျင် ရှိပါတယ်။ လော့စ်အိန်ဂျလိစ်ကောင်တီမှာ အရင်က ရက်သတ္တပတ်တပတ်မှာ ပျမ်းမျှ ဖမ်းဆီးမှု ၃၀၀ ရှိခဲ့ပေမယ့် မတ်လလယ်မှာတော့ တပတ်ကို ဖမ်းဆီးမှု ၆၀ သာ လုပ်ဆောင်ခဲ့ကြောင်း ရဲဌာနအကြီးအကဲ Alex Villanueva က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
မတ်လ ၁၉ ရက် ညပိုင်းအထိ စာရင်းတွေအရ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉,၄၁၅ ဦး စစ်ဆေး အတည်ပြုထားပြီး သေဆုံးသူ ၁၅၀ အထိ မြင့်တက်လာပါတယ်။ ကမ္ဘာတဝှမ်းမှာ မတ်လ ၁၉ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၂,၅၃၇ ဦးနဲ့ သေဆုံးသူ ၉,၇၁၈ ဦးရှိလာခဲ့ကြောင်း သိရပါတယ်။
ဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုတွေ တဟုန်ထိုး မြင့်တက်နေတဲ့ အီရန်နိုင်ငံမှာတော့ ဗိုင်းရပ်စ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအဖြစ် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၈၅,၀၀၀ ကို ပြန်လွှတ်ပေးထားကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင်တွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
Ref. BBC, AFP
You may also like these stories:
ကိုရိုနာကြောင့် နှစ်ပေါင်း ၂၂ နှစ်အတွင်း ရုံဝင်ငွေ အဆိုးဆုံးကို ဟောလိဝုဒ် ကြုံနေရ
ကိုရိုနာနဲ့ ပတ်သက်ပြီး သမ္မတရှီကို ဝေဖန်ခဲ့တဲ့ တရုတ်သူဌေးကြီး တဦး ပျောက်ဆုံးနေ
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား