တရုတ်နိုင်ငံနဲ့ အနီးဆုံး ထိုင်ဝမ်ဟာ COVID-19 ကူးစက်ရောဂါကို အခုအချိန်အထိ ဖိဖိစီးစီး နှိမ်နင်းထားနိုင်တယ်ဆိုပြီး နိုင်ငံတကာ သတင်းစာတွေက ဝိုင်းဝန်းချီးကျူး ရေးသားခဲ့ကြပါတယ်။ ထိုင်ဝမ်မှာ လောလောဆယ် COVID-19 ရောဂါ ခံစားနေရသူ ၁၀၈ ဦး ရှိပါတယ်။
ထိုင်ဝမ်ကို လည်ပတ်တဲ့ တရုတ်လူမျိုးဟာ တနှစ်ကို ၂ သန်းကျော်ခန့်ရှိပြီး တရုတ်နိုင်ငံကြီးနဲ့ ကီလိုမီတာ ၁၃၀ ခန့်ပဲ ဝေးကွာတဲ့နေရာမှာ ရှိပါတယ်။ ထိုင်ဝမ်လူဦးရေ ၂၃ သန်းထဲက ၄ သိန်းကျော်ဟာ တရုတ်နိုင်ငံထဲမှာ သွားရောက် အလုပ်လုပ်ကိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ COVID-19 ကူးစက်ရောဂါ စဖြစ်ပြီးချိန်ကစပြီး ထိုင်ဝမ်အစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကြပ်ကြပ်မတ်မတ် ဘယ်လို ကိုင်တွယ်ခဲ့သလဲဆိုတာ အားလုံးက စိတ်ဝင်တစား လေ့လာခဲ့ရပါတယ်။
ဒီဇင်ဘာလကုန်ကတည်းက (COVID-19 နာမည် တရားဝင် မကြေညာခင် အချိန်) ထိုင်ဝမ်အာဏာပိုင်တွေက တိုင်းပြည်ထဲမှာ အမည်ဖော်မရတဲ့ အဆုတ် ရောင်ရောဂါ လူနာတွေရှိနေကြောင်း လူထုကိုအသိပေး ကြေညာခဲ့ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ ၂၀၁၉ မှာ ထိုင်ဝမ်ရဲ့ ဝန်ကြီးချုပ်အပါအဝင် ဒုဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ အစည်းအဝေးထိုင်ပြီး ဒီ ကူးစက်ရောဂါကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။
သူတို့ရဲ့ ဆုံးဖြတ်ချက်ကတော့ နယ်စပ်တွေကို အသေအချာ ထိန်းချုပ်စောင့်ကြည့်ဖို့ဖြစ်ပြီး နယ်စပ်က ဖြတ်ကျော်ဝင်ရောက်သူတွေကို စတင်ပြီး စစ်ဆေးခြင်း၊ အဖျားတိုင်းခြင်းနှင့် သူတို့ရဲ့ ခရီးသွားခဲ့တဲ့ မှတ်တမ်းတွေကို လေ့လာစုံစမ်းခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ တရုတ်နိုင်ငံမှာ ဝူဟန်အဆုတ် ရောင်ရောဂါ ရနေသူ ၂၇ ဦးပဲ ရှိပါသေးတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားမှာ မရှိသေးပါဘူး။ ဒါကြောင့် ထိုင်ဝမ်နိုင်ငံဟာ ဒီကူးစက်ရောဂါကို အစောဆုံးစတင်ပြီး ခုခံကာကွယ်ဖို့ ပြင်ဆင်တဲ့နိုင်ငံပဲ ဖြစ်သွားခဲ့ပါတယ်။
ထိုင်ဝမ်ဟာ သူ့ရဲ့ပြည်တွင်းမှာ ဒီရောဂါပိုးကို အထူးစောင့်ကြည့် လေ့လာခဲ့သလို တရုတ်ပြည် ပီကင်းက ခွင့်ပြုချက်ကို ယူပြီး သူ့ရဲ့ဆေးရုံဝန်ထမ်း ကျွမ်းကျင်သူတွေကို ဝူဟန်ကို ပို့ပြီး ဒီ အဆုတ် ရောင်ရောဂါပိုးအကြောင်းကို လေ့လာစေခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး လူထုအတွင်း ကူးစက်ပြန့်ပွားတဲ့ ရောဂါလို့ သတ်မှတ်ပြီး အစိုးရအနေနဲ့ မကျန်းမာတဲ့သူတွေ သံသယလူနာတွေကို Quaratine လုပ်ခွင့် အခွင့်အာဏာကို အစိုးရက ခွင့်ပြုခဲ့သလို အကြောင်းကြားဖို့ ပျက်ကွက်သူတွေကိုလည်း ပြစ်ဒဏ်ကြေးတပ်ဖို့အတွက် လုပ်ဆောင်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ ထိုင်ဝမ်အစိုးရဟာ Central Epidemic Command Centre (CECC) ကို စတင် အသက်ဝင်လှုပ်ရှားစေခဲ့ပြီး သူ့ရဲ့ပြည်သူပြည်သားတွေကို ဒီ COVID-19 ကူးစက် ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး သတင်းတွေကို အဆက်မပြတ် ထုတ်ပေးခဲ့ပါတယ်။
ဇန်နဝါရီ ၂၄ ရက်မှာတော့ Surgical Masks တွေ ပြည်ပ တင်ပို့တာကို ထိုင်ဝမ်က ရပ်ဆိုင်းခဲ့ပါတယ်။ ဒါ့အပြင် Hubei ပြည်နယ်က (ဝူဟန်မြို့ရှိတဲ့ပြည်နယ်) က တရုတ်လူမျိုးတွေကိုလည်း ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီစည်းကမ်းထုတ်ရာမှာ ဂျပန်က ၆ ရက် နောက်ကျပါတယ်။
နယ်စပ်ဂိတ်တွေ စောင့်ကြည့်တာအပြင် ဖြစ်ပွားတဲ့ Case တခုချင်းကို လိုက်လံစုဆောင်း လေ့လာတာတွေ၊ Quaratine လုပ်တာတွေ၊ Data အချက်အလက် စုဆောင်းတာတွေကို တချိန်တည်းမှာ ပြုလုပ်ခဲ့ပါတယ်။ CECC က နေ့စဉ် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူလူထုကို အသိပေးသတင်းပေး ပြောကြားတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ ဒုတိယသမ္မတ Chen Chien-Jen ကိုယ်တိုင် (သူကိုယ်တိုင်ကလည်း ကူးစက်ရောဂါပညာရှင်) က ပြည်သူလူထုကို မှန်ကန်ပြီးတိကျတဲ့ သတင်းတွေကို အချိန်ပိုင်းနဲ့ အချိန်မီ နေ့စဉ် ဖြန့်ဖြူးပေးပါတယ်။
ထိုင်ဝမ်ဟာ ၂၀၀၃ ခုနှစ်မှာ SARS ကူးစက်ရောဂါကို ခံခဲ့ရတာဖြစ်တဲ့အတွက် SARS ဆီက သင်ခန်းစာကို ကောင်းကောင်းယူခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ ထိုင်ဝမ်မှာ SARS ရောဂါ ကူးစက်တော့ ၃၄၆ ယောက်ကိုတွေ့ရှိခဲ့ပြီး ၇၃ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီအချိန်က တကမ္ဘာလုံးမှာ SARS ရဲ့ ဒဏ်ကြောင့် ကူးစက်ခံရသူ ၈,၀၀၀ ကျော်ပြီး လူပေါင်း ၇၇၀ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ထိုင်ဝမ်ဟာ SARS ရဲ့ ဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ နိုင်ငံထဲမှာ ပါပါတယ်။ ဒါကြောင့် သင်ခန်းစာလည်း ယူခဲ့တာ မြင်ရပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ထိုင်ဝမ်ဟာ National Health Command Centre ကို စတင်တည်ထောင်ခဲ့ပြီး နောက်တခါ ဒီလို ကူးစက်ရောဂါတွေ ဖြစ်ခဲ့ရင် ဘယ်လိုပုံစံနဲ့ အမြန်ဆုံး တုံ့ပြန် ကာကွယ်မလဲဆိုတာကို ပြင်ဆင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အရေးကြီးတဲ့ ဆောင်ရွက်ချက်တွေထဲက တချက်ကတော့ ထိုင်ဝမ်ဟာ Technology ကို အသုံးချပြီး National Immigration Agency (အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ) နဲ့ ပူးပေါင်းပြီး Travel Records ခရီးသွားမှတ်တမ်းတွေကို စုဆောင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို Database တွေ ဆောက်နိုင်ခဲ့တဲ့အတွက် လူနာရှင်တွေရဲ့ Travel History ခရီးသွားခဲ့တဲ့ ရာဇဝင်မှတ်တမ်းတွေကို ပြန်ပြီးလေ့လာနိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း သံသယရှိတဲ့လူတွေကို ဆေးစစ်နိုင်ခဲ့သလို သူတို့က တဆင့်ထပ်ပြီး ကူးစက်နိုင်မယ့်နေရာတွေ၊ ပတ်ဝန်းကျင်တွေ၊ တွေ့ဆုံ ဆက်ဆံခဲ့သူတွေ၊ မိသားစုတွေကို လိုက်နိုင်အောင် ကြိုးစားရတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အငှားကားမောင်းတဲ့ လူနာတဦးကို ကူးစက်ရောဂါ တွေ့တဲ့အခါမှာ သူ့နောက်မှာ ကူးစက်နိုင်မယ့်သူတွေကို အတင်းလိုက်ရှာပြီး ကုသဖို့ ကြိုးစားရတဲ့ Case တွေလည်း ပါဝင်တာ ဖြစ်ပါတယ်။
နောက်ဆုံး အဲဒီအငှားကားမောင်းသူ သေဆုံးခဲ့ပေမယ့် သူဟာ ပြည်ပကိုခရီးထွက်ခဲ့သူ မဟုတ်တဲ့အတွက် ဆက်ပြီး Data တွေကိုလိုက်တဲ့အခါမှာ တရုတ်ပြည်မက ထိုင်ဝမ် စီးပွားရေးသမားတဦးဆီက ကူးခဲ့တယ်ဆိုတာကို နောက်ဆုံး လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒီလိုလုပ်ဆောင်နိုင်တာဟာ နောက်ဆုံးပေါ် Technology တွေအပြင် Data အချက်အလက်တွေကို စုဆောင်းထားပြီး ဝန်ကြီးဌာနတွေအတွင်း ပူးပေါင်းဆောင်ရွက်နိုင်လို့ ဖြစ်တယ်လို့ သိရပါတယ်။
CECC ဟာ အရေးကြီးတဲ့ Key Player ပါပဲလို့ ထိုင်ဝမ်အာဏာပိုင်တွေက အသိအမှတ်ပြု ပြောဆိုပါတယ်။ CECC ကို ထိုင်ဝမ် ကျန်းမာရေးဝန်ကြီးက ဦးဆောင်ရတာဖြစ်ပြီး ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီကအတွင်းမှာ Case ပေါင်း ၁၂၄ ခုကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး တပတ်ကို Case ၄ ခုကို ကိုင်တွယ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလို လုပ်ဆောင်ချက်တွေထဲမှာ ဒီရောဂါနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ၊ ကောလာဟလတွေကို ကိုင်တွယ် ဖြေရှင်းပေးတာအပြင် လူနာမိသားစုတွေကို ဝင်ရောက်ကူညီပေးတဲ့ ကိစ္စတွေလည်း ပါဝင်တာဖြစ်ပါတယ်။
ထိုင်ဝမ်နိုင်ငံဟာ ဒီမိုကရေစီရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အခုလို အစိုးရက စောစောစီးစီး ဒီ ကြောက်စရာကောင်းတဲ့ ကပ်ရောဂါဆိုးကို ထင်သာမြင်သာနဲ့ လျှင်လျှင်မြန်မြန်နဲ့၊ သတင်းစီးဆင်းမှုမြန်မြန်၊ ကုသမှုနှုန်းမြန်မြန်နဲ့ ထိန်းချုပ်ကာကွယ်ဖို့ ကြိုးစားတာကို သူ့ရဲ့ ပြည်သူလူထုက ကြိုက်နှစ်သက်တဲ့အပြင် နိုင်ငံတကာကလည်း ချီးကျူးခဲ့ရတဲ့အဆင့် ဖြစ်ပါတယ်။
You may also like these stories:
COVID-19 အကြောင်း ခန့်မှန်းခဲ့တဲ့ အကြားအမြင်ဆရာမ Sylvia Brown ရဲ့ စာအုပ်
အမေရိကန် မင်းသား Daniel Dae Kim ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ
မိုနာကိုနိုင်ငံရဲ့ တော်ဝင်မင်းသား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ