လက်ရှိ ကမ္ဘာတဝန်းမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါကြောင့် နိုင်ငံအချို့မှာ အိမ်သာသုံးစက္ကူများကို ဈေးဝယ်စင်တာတွေမှာ အလုအယက် ဝယ်ယူစုဆောင်းမှုများ ရှိခဲ့ပြီး ပစ္စည်း ပြတ်တောက်မှုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
နယ်သာလန်နိုင်ငံမှာတော့ အိမ်သာသုံးစက္ကူ အလုံအလောက် ရှိကြောင်း နယ်သာလန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူ Mark Rutte က ပြည်သူများကို ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ဆီမှာ အိမ်သာသုံးစက္ကူတွေ အလုံအလောက် ရှိနေပါတယ်”လို့ ဈေးဝယ်ထွက်နေသူများကို မတ်လ ၁၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ကုန်စုံဆိုင်တွေမှာလည်း အိမ်သာသုံးစက္ကူတွေကို ပြန်လည် တင်ထားပေးမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
“အိမ်သာသုံးစက္ကူတွေက တနိုင်ငံလုံး ၁၀ နှစ်စာလောက် သုံးဖို့တောင် လောက်ငှပါတယ်။ စိတ်မပူကြပါနဲ့။ ကျနော်တို့အားလုံး အိမ်သာ ပုံမှန်တက်ရမှာပါ”လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
နယ်သာလန်မှာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဈေးဝယ်စင်တာများမှာ အိမ်သာသုံးစက္ကူများ ပစ္စည်းပြတ်တောက်ခဲ့ပေမယ့် ပြန်လည် ဖြည့်တင်းပြီး ဖြစ်တယ်လို့ သိရပါတယ်။
Ref. reuters.com