အားလုံးရဲ့ ငယ်ဘဝမှာ တချိန် ဖြစ်လာမယ့် စိတ်ကူးအိပ်မက်တွေကို ပိုင်ဆိုင်ခဲ့ကြဖူးပြီး အဲဒီအိပ်မက်တွေထဲမှာ သရုပ်ဆောင်၊ ကျောင်းဆရာ၊ မီးသတ်သမားနဲ့ အာကာသယာဉ်မှူးစတာတွေကတော့ ကလေးတိုင်း စိတ်ကူးယဉ်လေ့ ရှိကြတဲ့ အိပ်မက်တွေပဲ ဖြစ်ပါတယ်။
အချိန်တွေ ကြာလာလို့ အသက်အရွယ်တခု ရောက်လာတဲ့အခါမှာတော့ ငယ်ဘဝရဲ့ စိတ်ကူးအိပ်မက်တွေဟာ မှေးမှိန် ပျောက်ကွယ်သွားကြပေမယ့် အခုဖော်ပြပေးမယ့် ၁၀ နှစ်သားအရွယ် Thomas ကတော့ သူ့အိပ်မက်ကို အခုကတည်းက ကြိုးစား အကောင်အထည်ဖော်နေပြီပဲ ဖြစ်ပါတယ်။
Thomas ရဲ့ မိခင်ဖြစ်သူ Katie Eklund ကတော့ သူ့သားလေးရဲ့ ဖန်တီးမှုတချို့ကို Facebook မှာ ပြန်လည် မျှဝေလေ့ရှိပြီး စိတ်ဝင်စားစရာ အချက်အလက်တွေကိုပါ ပူးတွဲ မျှဝေပေးရင်း သားဖြစ်သူကို တမျိုးတဖုံ အားပေးထောက်ခံပေးနေသူလည်း ဖြစ်ပါတယ်။
“ကျမသားလေးရဲ့ နာမည်အရင်းက Thomas Spring ပါ။ သူ့ကို Bubba လို့လည်း နောက်ပြောင်ခေါ်ဆိုလေ့ရှိကြတယ်။ မွေးချင်း ၅ ယောက်မှာ သူက အငယ်ဆုံးကလေးပေါ့။ သူ့ဖခင်ကတော့ Brutal Demise Band ရဲ့ ဒရမ်တီးသူတယောက်ပါ။ ကျမကတော့ Horns & Halos Photography ရဲ့ ဓာတ်ပုံ ရိုက်ကူးသူအဖြစ် အသက်မွေးဝမ်းကျောင်းပြုပါတယ်” လို့ Katie က အင်တာဗျူးမှာ မိသားစုတယောက်ချင်းစီအကြောင်းကို မိတ်ဆက်ဖြေကြားပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံ၊ Michigan ပြည်နယ်မှာ နေထိုင်ကြတဲ့ Thomas တို့ မိသားစုနေထိုင်ကြပြီး ၂ နှစ် ၃ နှစ်အရွယ်ကတည်းက Thomas ရဲ့ လက်ထဲမှာ စာရွက်နဲ့ ဘောပင်တချောင်း အမြဲလိုလို ရှိနေတတ်ပါတယ်။
တိရစ္ဆာန်လေးတွေရဲ့ ပုံလေးတွေဆွဲရာကနေတဆင့် Thomas ဟာ တခြားသူစိတ်ဝင်စားရာ အရာဝတ္ထုတွေကို သေသေသပ်သပ် ဆွဲလာနိုင်တာ သူ့အတွက်တော့ အံ့သြစရာပဲလို့ Katie က ဖြည့်စွက်ပြောဆိုပါသေးတယ်။
Thomas ရဲ့ အဖေဟာ Metal ဂီတကို ကြိုက်နှစ်သက်သူတယောက်ဖြစ်တာကြောင့် Thomas ကလည်း တက်တူးအနုပညာကို ဖြည်းဖြည်းချင်းစိတ်ဝင်စားလာရာက အခုလို လူမှုကွန်ရက်စာ မျက်နှာတွေပေါ်မှာ သူ့ဖန်တီးမှုတွေကို ပြန်လည် မျှဝေပေးဖြစ်တာလို့လည်း ဆိုပါတယ်။
သူ့ရဲ့ စိတ်ကူးဉာဏ် ကွန့်မြူးပုံကတော့ သူ့ရဲ့ အကြိုက်ဆုံး ရုပ်ရှင်၊ စာအုပ်နဲ့ ဂီတတွေကနေ ရရှိတာဖြစ်ပြီး ရုပ်ပြစာအုပ်တွေကလည်း Thomas ရဲ့ မြင်ဆရာတွေအဖြစ် ရှိနေခဲ့တာပါ။ ၁၀ နှစ်သားအရွယ်ကောင်လေးတယောက်ရဲ့ လက်ရာလို့တောင် မထင်ရတဲ့ ဖန်တီးမှုတွေကတော့ မြင်တွေ့ရသူတွေအတွက် စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။
Ref. www.boredpanda.com
You may also like these stories:
အထက်တန်းမပြီးလည်း သူ့ကုမ္ပဏီမှာ အလုပ်လျှောက်နိုင်ကြောင်း Elon Musk ပြော
COVID-19 အကြောင်း အွန်လိုင်းကနေ အခမဲ့ သင်ကြားပေးမယ့် သင်တန်း
အီတလီနိုင်ငံသားများကို Premium Service အပြာကား အခမဲ့ ကြည့်ခွင့်ပေးလိုက်တဲ့ Pornhub