ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ပျံနှံ့လာမှုကို ကာကွယ်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် အစိုးရဟာ အများပြည်သူသွားလာရာ နေရာတွေမှာ ကွမ်းတံတွေး မထွေးဖို့ ပိတ်ပင်လိုက်ပါတယ်။ လူ့ခန္ဓာကိုယ်က ထွက်တဲ့ တံတွေးကနေလည်း ကူးစက်နိုင်တာကြောင့် အခုလို “ကွမ်းတံတွေး မထွေးရ” စည်းကမ်း ထုတ်ပြန်လိုက်တာပါ။
လက်ရှိ အချိန်ထိတော့ ဂူဂျာရတ်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိသေးပေမယ့် ကူးစက်နိုင်ချေရှိတဲ့ ဘယ်အရာမဆို တာဆီးသွားဖို့ ရှိသလို ဒဏ်ကြေးဆောင်ဖို့ကိုလည်း စည်ပင်တာဝန်ရှိသူတွေနဲ့ ဆက်နွေးသွားဖို့ ရှိတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။
အခုလို ထုတ်ပြန်လိုက်တဲ့ စည်းကမ်းဟာ ၁၈၉၇ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ အိန္ဒိယ ကပ်ရောဂါဆိုင်ရာ အက်ဥပဒေအရ ရောဂါ ပျံ့နှံ့ကူးစက်လာမှာကို ကာကွယ်တားဆီးတဲ့အနေနဲ့ ဆေးဘက်ဆိုင်ရာအကြံပေးချက်တွေကို ချိုးဖောက်မယ်ဆိုရင် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက အရေးယူနိုင်တဲ့အချက်အတိုင်း လိုက်နာဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
တကယ်လို့ COVID-19 သံသယရှိသူဟာ သီးခြားခွဲနေဖို့အတွက် ငြင်းဆန်နေမယ်ဆိုရင် တာဝန်ရှိသူတွေဘက်က အာဏာသုံးပြီး ဓာတ်ခွဲခန်းအဖြေ မရမချင်း ၁၄ ရက် သီးသန့်နေဖို့ ထားခွင့်ရှိပါတယ်။ ဒါ့ပြင် AMC ကော်မရှင်နာကလည်း ပြည်နယ်အတွင်း ကုန်ပစ္စည်းသိုလှောင်ထားပြီး မှောင်ခို ရောင်းဝယ်နေသူတွေကိုလည်း အရေးယူမယ်လို့ တွစ်တာ စာမျက်နှာကတဆင့် ပြောကြားထားပါတယ်။
ဈေးကွက်ထဲမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကို နိုးကြားလာအောင် လက်သန့်စင်ဆေးရည်၊ နှာခေါင်းစည်းတွေနဲ့ နေ့စဉ် လိုအပ်မယ့်ပစ္စည်းတွေကို ဗဟိုအစိုးရက ပြတ်လပ် မသွားအောင် ထောက်ပံ့ပေးမယ်လို့ ကြေညာထားပါတယ်။
ဂူဂျာရတ်ပြည်နယ်အစိုးရ ကျန်းမာရေးဌာနက ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ လူနာ ၇၇ ယောက်ကို စောင့်ကြည့်နေပြီး ၇၂ ယောက်ကတော့ ရောဂါပိုး မတွေ့ရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံ တဝှမ်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၈၃ ယောက် ရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးဟာ ကူးစက်သူလူနာရဲ့ နှာရည်နဲ့ တံတွေးကတဆင့် ကူးနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန် ကြေညာထားလို့ မြန်မာနိုင်ငံမှာလည်း ကွမ်းစားသုံးသူတွေကို အများပြည်သူ သွားလာရာ နေရာတွေမှာ ကွမ်းတံတွေးထွေးခြင်း ဆင်ခြင်ဖို့ ပညာပေး တားဆီးကာကွယ်မှုတွေ လုပ်ဆောင်သင့်ပါတယ်။
Ref: Ahmedabad Mirror