ထိုင်းနိုင်ငံမှာ တရက်တည်း လူ ၁၈၈ ယောက် (COVID-19) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၇၀၀ ကျော်သွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
နောက်ဆုံး ထုတ်ပြန်ထားတဲ့ သတင်းတွေအရ ကူးစက်ခံထားရသူ အများစုဟာ Lumpini လက်ဝှေ့အားကစားရုံက ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အခုလို အချိန်မျိုးမှာ အားကစားရုံတွေကို မသွားသင့်တော့ပါဘူး။ လူစုလူဝေးကို အထူး ရှောင်ကြဉ်သင့်ပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Taweesin Wisanuyothin ကလည်း လက်ဝှေ့အားကစားရုံမှာ ကူးစက်ခံရသူတွေထဲက ၇ ယောက်ရဲ့အခြေအနေက ဆိုးရွားနေပြီး တယောက်ကတော့ ပြန်လည် ကောင်းမွန်လာခဲ့တယ်လို့ ပြောပါတယ်။
တဆက်တည်းမှာပဲ ထိုင်းနိုင်ငံမှာ နောက်ဆုံး တွေ့ရှိလာတဲ့ လူနာတွေဟာ အသက်အရွယ် ငယ်သူတွေဖြစ်ပြီး အများစုက လူစုလူဝေးနဲ့ပြုလုပ်တဲ့ အားကစားရုံလို နေရာမျိုးတွေကို သွားရောက်သူတွေ ဖြစ်ကြတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့်လည်း လူငယ်တွေအနေနဲ့ ကိုယ့်အိမ်မှာသာ နေထိုင်သင့်တယ်လို့ သူက အကြံပြုထားပါတယ်။
နောက်ထပ် ထပ်မံတွေ့ရှိရတဲ့ လူနာတွေကတော့ နိုင်ငံခြားက ပြန်လာသူတွေ ဖြစ်ကြပါတယ်။ လူနာ ၁၅ ယောက်ထက် မနည်းဟာ ကမ္ဘောဒီးယားနိုင်ငံကနေ လာရောက်ခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်ပရောက် ထိုင်းလူမျိုး ပြည်တွင်းပြန်မလာကြသေးဖို့ နိုးဆော်ထားပါတယ်။
ဒီလိုအချိန်မျိုးမှာ ရောဂါကူးစက်မှုနှုန်း မြင့်တက်နေတဲ့ နိုင်ငံတွေကနေ ပြည်တွင်းကို ဝင်မလာဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ရောဂါကို အကောင်းဆုံးထိန်းချုပ်နိုင်ပါလိမ့်မယ်။ မတ်လအတွင်း ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်နှုန်း မြင့်တက်လာခဲ့တာကြောင့် ထိုင်းအစိုးရက ထိန်းချုပ်နိုင်အောင် ကြိုးစား ဆောင်ရွက်လျက် ရှိနေပါတယ်။
Ref: Bangkokpost
You may also like these stories:
ဂျပန်တုပ်ကွေးရောဂါဆေးက ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ ရလဒ်ကောင်းတွေထွက်ပေါ်
ထိုင်းမှပြန်လာသည့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတဦး ထွက်ပြေး
Gym ကစားခြင်းကနေလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ကြောင်း အတည်ပြု