အလီဘာဘာကုမ္ပဏီရဲ့ တွဲဖက် တည်ထောင်သူဖြစ်တဲ့ တရုတ်သူဌေးကြီး ဂျက်မားလှူဒါန်းတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးပစ္စည်းများနဲ့ ဆေးဝါးများဟာ အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Addis Ababa ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရောက်ရှိသွားပြီလို့ သိရပါတယ်။
လူဦးရေ ၁ ဒဿမ ၃ ဘီလီယံ ရှိတဲ့ အာဖရိကတိုက်မှာ COVID-19 ဖြစ်ပွားသူ ၁,၁၀၀ ဦးရှိပြီး သေဆုံးသူ ၄၃ ဦးရှိတယ်လို့ သိရပါတယ်။ တကမ္ဘာလုံးက သေဆုံးမှုအတိုင်းအတာနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ နည်းနေသေးပေမယ့် အာဖရိကတိုက်အတွင်းက နိုင်ငံများဟာ ဆင်းရဲပြီး ကျန်းမာရေးအသိပညာ ချို့တဲ့တာကြောင့် မကြာခင်မှာ ရောဂါဒဏ်ကို အပြင်းအထန် ခံရနိုင်ချေရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
“လေယာဉ်နဲ့ သယ်ဆောင်သွားတဲ့အထဲမှာ Mask အရေအတွက် ၅ ဒဿမ ၄ မီလီယံ၊ စမ်းသပ်ကိရိယာများ၊ အကာအကွယ်ပေးတဲ့ ဝတ်စုံ ၄၀,၀၀၀ စုံ နဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် မျက်နှာကို ကာကွယ်ပေးနိုင်တဲ့မျက်နှာဖုံး ၆၀,၀၀၀ ခု ပါရှိပါတယ်”လို့ Ma ဖောင်ဒေးရှင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ မြန်မြန်ပို့နိုင်လေ ဗိုင်းရပ်စ်ပျံ့နှံ့ခြင်းကို မြန်မြန်ကာကွယ်နိုင်လေ”ပါပဲလို့ အဲဒီတာဝန်ရှိသူက ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ပို့ဆောင်ပေးခဲ့တဲ့ ကာကွယ်ရေး ပစ္စည်းထုတ်တွေမှာ “လူသားတွေအနေနဲ့ သန္နိဋ္ဌာန် ခိုင်မာရင် ဘာမဆို ကျော်လွှားနိုင်ပါတယ်”ဆိုတဲ့ နယ်လ်ဆင်မင်ဒဲလားရဲ့ စကားကို ကပ်ထားတာကြောင့် လူမှုကွန်ရက် စာမျက်နှာတွေမှာ မျှဝေသူတွေ များပြားနေပါတယ်။
ကာကွယ်ရေးပစ္စည်းများကို အာဖရိကတိုက် အနှံ့အပြားကို ပေးဝေမှာဖြစ်ပြီး လက်ရှိမှာ ရောဂါဒဏ်ကို ခံရနိုင်ချေများတဲ့ နိုင်ငံတွေမှာ အရင်ဆုံးဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အကာအကွယ်ပစ္စည်းပေးဝေမှုများကို မတ်လ ၂၃ရက်နေ့က စတင်မှာဖြစ်တယ်လို့ အီသီယိုးပီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူ Abiy Ahmed က သူ့ရဲ့ တွစ်တာလူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပါတယ်။
လာမယ့် ရက်တွေက စတင်ပြီး အာဖရိကတိုက်က နိုင်ငံများအနေနဲ့ သွားလာခွင့် တင်းကြပ်ခြင်းနဲ့ လူစုလူဝေးပြုလုပ်ခြင်းများကို ရပ်တန့်စေခြင်းတွေနဲ့ ကြုံတွေ့ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းအနေနဲ့လည်း အောက်စီဂျင်နဲ့အခြား ဆေးဝါးအကူအညီများကို ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
အာဖရိကနိုင်ငံတွေမှာ လူအများဟာ ဘုရားကျောင်းများကို သွားလေ့ရှိတာကြောင့် ဘုရားကျောင်းများမှတဆင့် ရောဂါကူးစက်မှုတွေကို ဖြစ်နိုင်ချေရှိနေတာဖြစ်ပါတယ်။ ကင်ညာနိုင်ငံမှာ ဖြစ်ပွားသူ ၁၅ဦးကို တွေ့ရှိပြီးနောက် အစိုးရအနေနဲ့ လူစုလူဝေးပြုလုပ်ခြင်းကို ပိတ်ပင်ထားပြီး အသုဘများမှာ လူ ၁၅ဦးထက်ပိုစုစည်းခွင့်မရှိစေရအမိန့် နဲ့ နိုက်ကလပ်နဲ့ ဘားများကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။
နိုင်ငံတကာလေကြောင်းခရီးစဉ်များကိုလည်း ပိတ်ပင်မှုတွေ စတင်နေပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Mutahi Kagwe က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
အာဖရိကတိုက်အနောက်ပိုင်းနိုင်ငံများမှာ ရောဂါရှိနေသူ ၇၅ ဦးရှိနေပြီး ဝန်ကြီး ၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။ နိုင်ငံတကာမှ နေရပ်ကို ပြန်လာမယ့် နိုင်ငံသားများကိုလည်း အမေးအမြန်း မရှိ ရောဂါခြေချုပ် ၁၄ ရက် ထားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Ref. Reuters
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး တပ်မတော်အသင့်ပြင်ထား
တခြား အနုပညာရှင်တဦးကနေ Covid-19 ကူးစက်ခဲ့တာလို့ မင်းသား Idris Elba ပြော
ထိုင်းမှာ တရက်တည်း လူအယောက် ၁၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ