Trend

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ လူပေါင်း ၈၀၀ နီးပါး နေ့စဉ် သေဆုံးနေ

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါဟာ ဒီကနေ့ အချိန်မှာတော့ ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါတမျိုး ဖြစ်လာနေပါတယ်။ စတင် ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံအနေနဲ့ ဒီရောဂါကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် အီတလီမှာတော့ အခြေအနေတွေ ဆိုးရွားနေပါတယ်။

နေ့စဉ်ဆိုသလို လူပေါင်း ၈၀၀ နီးပါး COVID-19 ကြောင့် အီတလီမှာ သေဆုံးနေပါတယ်။ အခုဆိုရင်တော့ COVID-19 မကူးစက်သေးတဲ့နိုင်ငံ အနည်းငယ်သာ ကျန်ပါတော့တယ်။ အဲဒီကျန်နေသေးတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကတော့ လက်ရှိ အချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ မရှိသေးဘူးလို့ ထုတ်ပြန် ကြေညာထားပါတယ်။

ဒီကနေ့ မနက်ခင်းပိုင်း ထုတ်ပြန်ချက်တွေအရ အီတလီနိုင်ငံမှာ ရောဂါကူးစက်ခံထားရသူ ၅၉,၁၃၈ ဦး ရှိနေပြီး၊ ၅,၄၇၆ ယောက် သေဆုံးသွားခဲ့ရပြီလို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ အီတလီနိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်နေပြီး ရောဂါစတင်ခဲ့တဲ့ တရုတ်နိုင်ငံထက် သေဆုံးမှု ပိုမို များပြားနေပါတယ်။

အီတလီနိုင်ငံမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်းရဲ့ ၇,၀၂၄ ယောက်ကတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။ အီတလီအစိုးရအနေနဲ့လည်း လူစုလူဝေးနဲ့ ကျင်းပရမယ့်ပွဲတော်တွေကို တားမြစ်ထားပြီး စတိုးဆိုင်အများစုကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။ ရောမမြို့ရဲ့လမ်းမတွေမှာလည်း ရဲတွေက အချိန်ပြည့်စောင့်ကြပ်နေပြီး ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ အပြင်ထွက်သူတွေကို ဒဏ်ငွေဆောင်စေတယ်လို့ သိရပါတယ်။

အခုဆိုရင်တော့ ဥရောပနိုင်ငံတွေဟာ COVID-19 ရောဂါကူးစက်မှုဗဟို ဖြစ်လာနေပါတယ်။ အဆိုးရွားဆုံးကတော့ အီတလီနိုင်ငံဖြစ်ပြီး ဗြိတိန်မှာဆိုရင်လည်း ရောဂါကူးစက်သူ အရေအတွက် ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာလည်း သေဆုံးသူအရေအတွက် ပိုမိုများပြားလာနေပါတယ်။

ဝူဟန်မြို့မှာ ဆေးကုသပေးခဲ့တဲ့ ဆရာဝန်တချို့လည်း အီတလီနိုင်ငံကို ရောက်ရှိနေကြပြီး COVID-19 ကူးစက်ခံရသူတွေကို ကုသမှု ပြုလုပ်ပေးနေကြပါတယ်။ COVID-19 ဟာ နောက်ထပ် ဘယ်လောက်ကြာကြာ ဆက်ဖြစ်နေဦးမယ်ဆိုတာ မသိရသေးဘဲ ကာကွယ်ဆေးရဖို့ကိုလည်း နိုင်ငံတကာမှာ ကြိုးစားလုပ်ဆောင်နေကြပါတယ်။

Ref: Bangkokpost, Worldometers

You may also like these stories:

ထိုင်းမှာ တရက်တည်း လူအယောက် ၁၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

တခြား အနုပညာရှင်တဦးကနေ Covid-19 ကူးစက်ခဲ့တာလို့ မင်းသား Idris Elba ပြော

COVID-19 ကြောင့် ဂူဂျာရတ်မှာ ကွမ်းတံတွေး မထွေးဖို့ ပိတ်ပင်

Loading