ထိုင်းစစ်တပ်သည် COVID-19 ဗိုင်းရပ် ပျံ့နှံ့မှုကို တိုက်ဖျက်ရန် ကြာသပတေးနေ့ နံနက်မှ စ၍ ဘန်ကောက်ရှိ လမ်းများကို ပိုးသတ်ဆေးများဖြင့် ဖျန်းနေသည်။ စစ်တပ်မှ တပ်ဖွဲ့များကို နံနက် ၁ နာရီမှ ၅ နာရီအထိ နေ့စဉ် သန့်ရှင်းမှုအား ယခုလကုန်အထိ ဆောင်ရွက်ရန် တာဝန်ချထားသည်။ သန့်ရှင်းမှုစစ်ဆင်ရေးက ပိုးသတ်ဆေးရောထားသော ရေကို အသုံးပြုသည်။
စစ်တပ်အကြီးအကဲ အပီရတ်ကောင်ဆွမ်ပေါင် သဘာပတိအဖြစ် ဆောင်ရွက်သော စစ်တပ်၏ အဆင့်မြင့် အစည်းအဝေး တခုတွင် အတည်ပြုခဲ့သော ပိုးသတ်ဆေး ပက်ဖျန်းမှုကို လေကြောင်းကာကွယ်ရေးအမြောက်တပ်ဖွဲ့နှင့် စစ်တပ်ဓါတုဋ္ဌာနတို့က ဆောင်ရွက်သည်ဟု စစ်တပ်၏ ဒုပြောခွင့်ရ အမျိုးသမီး ဗိုလ်မှူးကြီး သီရိချန်ငါသောင်က ပြောသည်။
မြို့တော်၏ အလွန်စည်ကားသည့် ဧရိယာများကို ဖြတ်သန်းသွားသည့် လမ်းများပေါ်သို့ ပိုးသတ်ဆေးရည်များကို ထရပ်ကားများဖြင့် ပက်ဖျန်းခဲ့ပြီး ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်စေရန် သန်းခေါင်ချိန်နောက်ပိုင်း အစောပိုင်းအချိန်များတွင် ဆောင်ရွက်ခြင်း ဖြစ်သည်။
သန့်ရှင်းမှုကို ကုန်သွယ်ရေးဇုန်များ၊ သယ်ယူပို့ဆောင်ရေးဋ္ဌာနများ၊ ဆိပ်ကမ်းများ၊ ပညာရေးအဆောက်အဦများ၊ အိမ်ပြင်လှုပ်ရှားမှု ဧရိယာများနှင့် လူထုစုဝေးရာ နေရာများတဝိုက်ရှိ လမ်းများကို အဓိကထားသည်။ စစ်တပ်ကို ဘန်ကောက် မက်ထရိုပိုလီတန် အုပ်ချုပ်ရေးအဖွဲ့က ကူညီသည်ဟု ဗိုလ်မှူးကြီး သီရိချန်က ပြောသည်။
ဗိုင်းရပ်ကူးစက်မှုကို တိုက်ဖျက်ရန် အစိုးရကလည်း ညဘက် ဖျော်ဖြေရေးနေရာများနှင့် အခြားပွဲလမ်းကျင်းပရန်နေရာများကို ၂ ပတ်ကြာ ပိတ်ထားရန် ပြဋ္ဌာန်းထားသည်။ ယခုအချိန်က လမ်းကြီးလမ်းငယ်များကို သန့်ရှင်းနိုင်သည့် အခွင့်အလမ်းဖြစ်သည်ဟု ဗိုလ်မှူးကြီး သီရိချန်က ပြောသည်။
Bangkok Post တွင် ဖော်ပြထားသော “Army disinfects Bangkok roads nightly” သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။
You may also like these stories:
ထိုင်းစစ်တပ်ပိုင် စီးပွားရေးများ ဘဏ္ဍာရေးဝန်ကြီးအောက် ထားမည်
သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး