“ကိုဗစ် ၁၉” (COVID-19) ရဲ့ဒဏ်ကိုခံနေရတဲ့ အမေရိကန်နိုင်ငံဟာ သမ္မတရဲ့အမိန့်နဲ့ National Guard တွေကို ရောဂါဒဏ်ရာ အများဆုံးခံနေရတဲ့ နယူးယောက်၊ ကယ်လီဖိုးနီးယားနဲ့ ဝါရှင်တန်တို့မှာ စတင်ပြီး ချထားလိုက်ပြီး ရောဂါကူးစက်မှုကို ကာကွယ်တားဆီးရေး လုပ်ငန်းဆောင်တာ စီမံချက်တွေမှာပါဝင်ဖို့ ညွှန်ကြားလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်မှာ ထားတဲ့ National Guard ဆိုတာ အမေရိကန် တပ်မတော်ကြီးရဲ့ အောက်မှာထားတဲ့ အရံတပ် အင်အားထဲမှာ ရှိတာဖြစ်ပါတယ်။ အင်အားက ၄ သိန်းကျော်ခန့် ရှိပါတယ်။ တိုင်းပြည်မှာကြုံရတဲ့ သဘာဝဘေးဒဏ်တွေ၊ လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ဒီတပ်တွေကိုချပြီး ဆောင်ရွက်တာဖြစ်ပါတယ်။
COVID-19 ရဲ့ ပျံ့နှံ့မှုကို ကာကွယ်တားဆီးဖို့အတွက် မိမိရဲ့တပ်မတော်ကို အမိန့်ပေးပြီး ကူညီကာကွယ်စေတဲ့ နိုင်ငံတွေကတော့ US အပါအဝင် ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ တောင်ကိုးရီးယား၊ ထိုင်း၊ မလေးရှားစတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
ဂျာမနီရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ Annegret Kramp-Karrenbauer ကတော့ တပ်မတော်အနေနဲ့ လူနာတွေရဲ့ ကျန်းမာရေးအပြင် သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲဖြစ်နေတာတွေ၊ တစ်ဆို့နေတာတွေကို ဝင်ရောက်ကူညီ ဖြေရှင်းပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂျာမနီဟာ သူ့ရဲ့တပ်တွေကို ပြည်တွင်းမှာ ရွှေ့ပြောင်းနေရာချ အသုံးချတဲ့နေရာမှာ အကန့်အသတ် စည်းကမ်းချက်တွေ ရှိနေတာ ဖြစ်ပါတယ်။
အမျိုးသမီး ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ Ms Kramp-Karrenbauer ဟာ ဂျာမနီ တပ်မတော်ရဲ့ စစ်သားပေါင်း ၁ သိန်းကျော်ကို ဖြန့်ချထားပြီး ရောဂါပိုး ကာကွယ်တားဆီးရေး လုပ်ငန်းတွေမှာလုပ်ဆောင်ဖို့ စီစဉ်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံကလည်း သူ့ရဲ့တပ်မတော်က မြေပြင်ဆေးရုံမှာ လူနာတွေကိုကုသပေးဖို့ စီစဉ်ခဲ့ပြီး တပ်မတော်က A-330 လေယာဉ်ကို အသုံးပြုပြီး COVID-19 ရောဂါသည် ၆ ဦးကို သယ်ယူ ပို့ဆောင်ပေးခဲ့ပါတယ်။
ကိုဗစ်ဒဏ်ကို တရုတ်နိုင်ငံပြီးရင် အခံရဆုံးဖြစ်နေတဲ့ အီတလီကတော့ သူ့ရဲ့ကာကွယ်ရေး စက်ရုံတွေကနေ Mask ၁ သိန်းကို နေ့စဉ်ထုတ်လုပ်ပေးနေပြီး စစ်တပ်ရဲ့ ဆေးဝါးထုတ်လုပ်ရေးဌာနကလည်း တနေ့ လီတာပေါင်း ၂၀၀၀ ရှိတဲ့ ပိုးသတ်ဆေးရည်တွေကို ထုတ်လုပ်ပေးနေပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းမှာလည်း ထိုင်းဘုရင့်တပ်မတော်က သူ့ရဲ့တပ်တွေကို ဘန်ကောက်မြို့ရဲ့လမ်းတွေပေါ်မှာ ပိုးသတ်ဆေးရည်တွေ ဖြန်းတဲ့အလုပ်ကို လုပ်ဖို့အတွက် ချမှတ်ဆောင်ရွက်နေတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာတော့ တပ်မတော်က COVID-19 ကာကွယ်ရေးအတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။
တပ်မတော် ဆေးဝန်ထမ်းတွေက ရောဂါထိန်းချုပ်ရေး ကော်မတီဖွဲ့စည်းပြီး ပညာပေးခြင်း၊ နယ်ဘက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း၊ ရောဂါဖြစ်သူများကို ကုသပေးမည့် ဆရာဝန်များ၊ သူနာပြုများကို လေ့ကျင့်ပေးမှုများ ပြုလုပ်နေပြီး တိုင်းစစ်ဌာနချုပ်တွေမှာ စောင့်ကြည့်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရန် ပြင်ဆင်ထားကြောင်း ပြောပြခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့ COVID-19 ရောဂါ ကာကွယ်တားဆီးဖို့အတွက် လုပ်ဆောင်နေတာတွေ ရှိသလို အစိုးရအနေနဲ့ တပ်မတော်ကို အကူအညီတောင်းပြီး ကာကွယ်ကူညီ တားဆီးရေးလုပ်ငန်းတွေမှာပါဝင်ဖို့ တောင်းဆိုဖို့၊ လိုအပ်လာမယ်လို့ သုံးသပ်သူတွေ ရှိနေပါတယ်။
You may also like these stories:
ထိုင်ဝမ်ဆီက COVID-19 သင်ခန်းစာ
မိုနာကိုနိုင်ငံရဲ့ တော်ဝင်မင်းသား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ
COVID-19 ကြောင့် သင်္ကြန်ပွဲတွေ ပျက်သွားတဲ့အကြောင်း ပြောပြတဲ့ အဆိုတော် သားကြီး