အရှေ့တောင်အာရှ နိုင်ငံတွေမှာ COVID-19 ကူးစက်မှုနှုန်းက မြင့်တက်လာနေပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာလည်း COVID-19 ကူးစက်ခံရသူ ၂ ဦးရှိနေပြီလို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ မနေ့ညက ကြေညာခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာလည်း COVID-19 ကူးစက်မှုနှုန်းက မြင့်တက်လာနေပါတယ်။ ဒီကနေ့ မနက်ခင်းပိုင်း ထုတ်ပြန် ကြေညာချက်တွေအရ ထိုင်းနိုင်ငံမှာ နောက်ထပ် ကူးစက်ခံထားရတဲ့ လူနာ ၁၀၆ ယောက် ရှိပြီး စုစုပေါင်းရောဂါ ကူးစက်ခံရသူ ၈၂၇ ယောက် ရှိသွားပြီလို့ သိရပါတယ်။
ဒီကနေ့ တရက်တည်းကိုပဲ ထိုင်းနိုင်ငံမှာ COVID-19 ကြောင့် လူ ၃ ယောက် သေဆုံးခဲ့တဲ့အတွက် ထိုင်းနိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၄ ယောက် ရှိသွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတော့ ထိုင်းနိုင်ငံမှာရောဂါကူးစက်မှုနှုန်း တအား မမြင့်တက်ခဲ့ပေမယ့် အခုချိန်မှာတော့ ရောဂါကူးစက်မှုနှုန်းက ပိုမိုမြင့် တက်လာခဲ့ပါတယ်။
မတ်လ၂၃ ရက်နေ့ တရက်တည်း ရောဂါ ကူးစက်ခံရသူ ၁၂၂ ယောက် ရှိခဲ့ပြီး မတ်လ ၂၄ ရက် ဒီကနေ့မှာတော့ ၁၀၆ ယောက် ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ဒီကနေ့ သေဆုံးခဲ့တဲ့ ရောဂါကူးစက်ခံရသူတွေမှာ တခြားကျန်းမာရေး ပြဿနာတွေလည်း ရှိနေတယ် လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ အသက် ၇၀ အရွယ် အမျိုးသားဟာ တီဘီရောဂါ ခံစားနေရသူ ဖြစ်သလို သေဆုံးခဲ့တဲ့ အသက် ၄၅ နှစ် အရွယ် အမျိုးသားကလည်း ဆီးချိုရောဂါ ခံစားနေရသူ ဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ် သေဆုံးခဲ့တဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသားကတော့ သီးခြားဝေဒနာ ခံစားထားရမျိုး မရှိဘဲ COVID-19 ကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Taweesin Wisanuyothin က ပြောပါတယ်။
ဘန်ကောက်မြို့မှာဆိုရင်လည်း ဈေးဝယ်စင်တာတွေနဲ့ အများပြည်သူအတွက် အန္တရာယ်ရှိတဲ့ နေရာ တွေကို မသွားလာကြဖို့ ဘန်ကောက်မြို့တော်ဝန် Aswin Khwanmuang က ပြည်သူတွေကို မေတ္တာ ရပ်ခံထားပါတယ်။ ဘန်ကောက်မြို့မှာ ဖြစ်ပွားနေတဲ့ COVID-19 ကို ထိန်းချုပ်နိုင်ဖို့ လူစည်ကားတဲ့နေရာတွေကို မသွားခြင်းအားဖြင့် အစိုးရကို ကူညီကြပါလို့ သူက တောင်းဆိုထားပါတယ်။
Ref: Bangkokpost
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ လူပေါင်း ၈၀၀ နီးပါး နေ့စဉ် သေဆုံးနေ
ထိုင်းမှာ တရက်တည်း လူအယောက် ၁၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
ရေမလိုလက်သန့်ဆေးရည် (Hand Sanitizer) ကို အိမ်မှာအလွယ်တကူ ပြုလုပ်ကြမယ်