နယူးယောက်မြို့တော်ဝန် Andrew M. Cuomo က ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြို့သူမြို့သားတွေကို “Stay at home” အိမ်မှာပဲ နေဖို့ ညွှန်ကြားလိုက်ပြီး ဆေးရုံတွေကိုလည်း လိုအပ်ချက်တွေ၊ ဆေးဝါးတွေကို အသင့်ပြင်ဆင်ထားဖို့ အမိန့်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။
နယူးယောက်မှာ လူပေါင်း ၇၈,၀၀၀ ကျော်ကို စမ်းသပ်စစ်ဆေးခဲ့ပြီဖြစ်ပြီး နယူးယောက်မြို့ပေါ်မှာ လူပေါင်း ၃၃,၀၀၀ ကျော်ကို စစ်ဆေးပြီး ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ အိမ်ဖြူတော်ကိုလည်း နယူးယောက်မြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပျံ့နှံ့နှုန်းက အခြားမြို့တွေထက် နှိုင်းယှဉ်ရင် မြန်တဲ့အကြောင်း ပြောကြားသတိပေးလိုက်ပြီး ဗိုင်းရပ်စ်ရဲ့ “Attack Rate” ဟာ ၁,၀၀၀ မှာ တယောက်ရှိတယ်လို့ ပြောလိုက်ပါတယ်။
ကမ္ဘာကျော် နယူးယောက်မြို့ကြီးမှာ လူဦးရေပေါင်း ၈ သန်း ၆ သိန်းခန့် ရှိပြီး လောလောဆယ်မှာ Case ပေါင်း ၁၂,၀၀၀ ကျော် တွေ့ထားပြီးဖြစ်တယ်လို့ New York Times သတင်းစာမှာ ရေးသားထားပါတယ်။ လူဦးရေ သိပ်သည်းထူထပ်ပြီး နိုင်ငံခြား ခရီးသွားတွေ အများဆုံး လာရောက်ကြတဲ့ နယူးယောက်မြို့တော်ကြီး ဖြစ်တဲ့အတွက် ဒီလို ကူးစက်မြန်ရောဂါရဲ့ တိုက်ခိုက်မှုကို ခံရမယ်ဆိုတာကို ကြိုတင် တွက်ဆထားပြီးသား ဖြစ်ပါတယ်။
နယူးယောက်မြို့က ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ လောလောဆယ် ပိတ်ထားပြီး အိမ်ထဲမှာနေဖို့ မြို့တော်မှာ နေသူတွေကို ညွှန်ကြားထားပါတယ်။ နယူးယောက်ဟာ ဆန်ဖရန်စစ္စကို မြို့ထက်လည်း လူဦးရေ သိပ်သည်းတာဖြစ်တဲ့အတွက် ရောဂါကူးစက်မှုနှုန်း မြန်မယ်လို့ ကြိုတင် ခန့်မှန်းထားတာ ဖြစ်ပါတယ်။
နာမည်ကြီး ဟောလိဝုဒ်ကားတွေမှာ နယူးယောက်ဟာ ဂြိုလ်သားတွေ၊ ဗိုင်းရပ်စ်တွေ၊ မကောင်းဆိုးဝါးတွေ၊ တောထဲက လွတ်လာတဲ့ အရိုင်းဝက်ဝံတွေ၊ ဂေါ်ဇီလာတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရတဲ့မြို့တော်ကြီးအဖြစ် အသုံးတော်ခံရတာ ဖြစ်ပါတယ်။ အခုတော့ ကိုဗစ် – ၁၉ (COVID-19) ရဲ့ ကူးစက်မှုကို လက်တွေ့ခံနေရပြီ ဖြစ်ပါတယ်။
နယူးယောက် မြို့သူမြို့သားတွေဟာ 9/11 တိုက်ခိုက်မှုတုန်းကလည်း ကြံ့ကြံ့ခံနိုင်တဲ့သူတွေလို့ ချီးကျူးခံရတာ ဖြစ်တဲ့အတွက် ကိုဗစ်ရဲ့ရန်ကိုလည်း ကျော်လွှားနိုင်မယ်လို့ အားလုံးက မျှော်လင့် ဆုတောင်းနေကြပါတယ်။
You may also like these stories:
COVID-19 ကြောင့် ထိုင်းမှာ လူ ၃ ဦး ထပ်မံသေဆုံး
COVID-19 ပျံ့နှံ့ချိန်မှာ ရှေ့တန်းက ကူညီသွားမယ့် လက်ဝှေ့သမားဟောင်း ပက်ကွီအို
COVID-19 ကာလမှာ ပရိသတ် ၃ ဦးအတွက် လိုအပ်တာ ဝယ်ပေးမယ့် Britney Spears