တကမ္ဘာလုံး အတိုင်းအတာနဲ့ ကူးစက် ပျံ့နှံ့မှုနှုန်း အားကောင်းနေပြီး ရောဂါဝေဒနာ ခံစားနေရတဲ့ အရေအတွက်လည်း များပြားသလို သေဆုံးမှုနှုန်းလည်း မြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ ၂ ဦး ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ရောဂါ ကူးစက်ခံထားရတဲ့ လူနာ ၂ ဦးထိ ရှိနေပြီဖြစ်တာကြောင့် လက်ရှိအချိန်ဟာ မိမိကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်ကိုပါ သတိရှိရှိနဲ့ စောင့်ရှောက်ရမယ့် အခြေအနေတခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရောဂါကူးစက်နိုင်ခြေ နည်းနိုင်သမျှ နည်းစေဖို့ သတိပြုလိုက်နာရမယ့် အခြေခံအချက်တွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။
(၁) လက်ကို မကြာခဏ ဆေးကြောပါ
လက်ကို ရေနဲ့ ဆပ်ပြာ အသုံးပြုပြီး စက္ကန့် ၂၀ ခန့် ကြာအောင် စင်ကြယ်စွာ ဆေးကြောပေးပါ။ Hand Gel အသုံးပြုမယ်ဆိုရင်လည်း Alcohol ၆၀ ရာခိုင်နှုန်းနဲ့အထက် ပါဝင်တဲ့ လက်သန့်ဆေးရည်မျိုးကို ရွေးချယ် အသုံးပြုသင့်ပါတယ်။
(၂) ဆေးလိပ် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ
ဆေးလိပ် သောက်သုံးခြင်းဟာ အဆုတ်နဲ့ အသက်ရှုလမ်းကြောင်း စနစ်ကို ထိခိုက်စေနိုင်တာကြောင့် လတ်တလော အခြေအနေမှာ ဆေးလိပ် သောက်သုံးမှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။
(၃) မျက်စိ၊ ပါးစပ်၊ နှာခေါင်း စတာတွေကို ထိတွေ့ ကိုင်တွယ်တာမျိုးကို ရှောင်ကြဉ်ပါ
မျက်စိ၊ ပါးစပ်၊ နှာခေါင်းစတာတွေကို လက်နဲ့ မကြာခဏ ထိတွေ့ ကိုင်တွယ်တာမျိုးဟာ ရောဂါပိုး ခန္ဓာကိုယ်ထဲကို ဝင်ရောက်ဖို့ လွယ်ကူနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
(၄) လူထူထပ်တဲ့ နေရာတွေ သွားလာတာမျိုးကို ရှောင်ကြဉ်ပါ
အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေ၊ လူထူထပ်တဲ့ နေရာတွေဆီ သွားလာတာမျိုးကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါ ခံစားနေရသူတွေအနေနဲ့ ပိုပြီး ဂရုစိုက် ရှောင်ကြဉ်သင့်ပါတယ်။
(၅) အာဟာရ ပြည့်ဝအောင် နေထိုင်စားသောက်ပါ
အခုလို အချိန်မှာ အစားလျှော့ပြီး ဝိတ်ချတာမျိုးတွေကို ခဏရပ်ထားပြီး အာဟာရ ပြည့်ဝအောင် နေထိုင် စားသောက်သင့်ပါတယ်။ အိပ်စက်ချိန် အလုံအလောက်ရှိအောင် အိပ်ရေးဝဝ အိပ်စက်ဖို့ကလည်း အရေးကြီးပါတယ်။
(၆) Mask တွေ အချိန်ပြည့် တပ်ဆင်ထားတာမျိုး မပြုလုပ်ပါနဲ့
Mask တပ်တာဟာ ပြင်ပက ရောဂါပိုး ခန္ဓာကိုယ်ထဲကို မဝင်ရောက်နိုင်အောင်သာ ကာကွယ်ပေးနိုင်တာဖြစ်ပြီး အမြဲတပ်ဆင်ထားမယ်ဆိုရင် ကိုယ့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
(၇) စိုးရိမ်မှု မလွန်ကဲပါနဲ့
ရောဂါကူးစက်မှုနှုန်းဟာ မြန်တယ်ဆိုပေမယ့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် အကြောက်လွန်တာမျိုးတော့ မဖြစ်ပါစေနဲ့။ အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေကို လိုက်နာပြီး မိမိကိုယ်ကိုယ်နဲ့ မိသားစုဝင်တွေကို အတတ်နိုင်ဆုံံး စောင့်ရှောက်ဖို့ သတိရှိဖို့ပဲ လိုအပ်ပါတယ်။
Ref. www.dietdoctor.com
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး ဝက်ဘ်ဆိုဒ်ကို Google လွှင့်တင်
Self-Quarantine ဆိုရင် ဘာလုပ်မလဲ၊ ဘယ်လိုနေမလဲ
ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ ဂျာမနီမှာ လူ ၂ ဦးထက် ပိုတဲ့ စုဝေးမှုကို တားမြစ်