COVID-19 ဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုတွေ ဆက်လက် တိုးလာနေတဲ့ ဗြိတိန်နိုင်ငံမှာ အစိုးရက သီတင်း သုံးပတ်ကြာ အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး Lockdown လုပ်ထားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်လိုက်ပြီလို့ သိရပါတယ်။
ဗြိတိန်အစိုးရက မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ညွှန်ကြားချက်အရ မရှိမဖြစ် မဟုတ်တဲ့ ဆိုင်များနဲ့ ဝန်ဆောင်မှု လုပ်ငန်းများကို ပိတ်ပင်ထားရန်နဲ့ လူ၂ ဦးထက် ပိုပြီး စုဝေးမှု မပြုလုပ်ရန် တားမြစ်ထားပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်က ရုပ်မြင်သံကြားမှတဆင့် နိုင်ငံကိုပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ “အိမ်မှာပဲနေပါ” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ထုတ်ပြန်လိုက်တဲ့ အမိန့်ကို နာခံခြင်း မရှိပါက ရဲတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဝန်ကြီးချုပ် Boris Johnson အနေနဲ့ နိုင်ငံဟာ လက်ရှိမှာ နိုင်ငံလုံးဆိုင်ရာ အရေးပေါ်ကိစ္စဖြစ်ကြောင်းနဲ့ နိုင်ငံသားများအနေနဲ့ တတ်နိုင်သလောက် အိမ်မှာ နေထိုင်ကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်မှာ နိုင်ငံသားများအနေနဲ့ အောက်ပါအချက် ၄ ချက်နဲ့တိုက်ဆိုင်မှသာ အိမ်အပြင်ကို ထွက်ကြဖို့ ပါရှိပါတယ်။
– ဆေးဝါးနဲ့ အစားအစာ လိုအပ်မှု ရှိခြင်း
– လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်သူများအနေနဲ့ တယောက်တည်း ဒါမှမဟုတ် မိသားစုဝင်များနဲ့သာ လုပ်ရန်
– ဆေးဝါးလိုအပ်ချက်များ ရှိပါက သွားရောက်ဝယ်ယူခြင်း၊ အသက် ၁၈နှစ်အောက် ကလေးငယ်များအား မိဘအိမ်တွင်ပြန်လည်ခေါ်ထားရန် သွားခြင်း
– မဖြစ်မနေ အလုပ်ကိစ္စ ခရီးထွက်ခြင်း၊ နေအိမ်မှ အလုပ်လုပ်ရန်အဆင်မပြေသောကြောင့် အလုပ်သွားရခြင်း” စတဲ့ အချက်တွေနဲ့ ကိုက်ညီမှ အပြင်ကို ထွက်ခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
အီလက်ထရောနစ် ပစ္စည်းဆိုင်၊ အဝတ်အထည် အရောင်းဆိုင်တွေနဲ့ စာကြည့်တိုက်များ၊ ကစားကွင်းများနဲ့ ဝတ်ပြုနေရာတွေကိုတော့ ပိတ်ပင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref. BBC, AFP
You may also like these stories:
COVID-19 ကို ရင်ဆိုင်ကာကွယ်နိုင်ဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ
တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် လူနာအသစ်များ ထပ်မံ တွေ့ရှိလာ
“Grey’s Anatomy” ဒရာမာထဲက ဆေးပစ္စည်းတွေကို အရေးပေါ်လုပ်သားများထံ လှူဒါန်း