“သင့်မှာ ကိုယ်ပူချင်သလိုလို၊ လည်ချောင်းနာသလိုလို၊ ခေါင်းကိုက်သလိုလို … လိုလိုတွေ ဒီအချိန်မှာ များနေပါလား … ငါ့မှာ ကိုဗစ်ဝင်နေပြီလို့ ထင်နေပြီလား … ” ဒါဆိုရင် ပထမဆုံးပြောချင်တာကတော့ Panic (အထိတ်တလန့် ကြောက်လန့်တကြား) မဖြစ်ပါနဲ့ ဆိုတာပဲ ဖြစ်ပါတယ်။
မိမိမှာရှိတဲ့ ဗဟုသုတနဲ့ အသိပညာနဲ့ ကြိုတင်ပြင်ဆင်ထားမှုဟာ ကိုဗစ် (COVID-19) ကို ကြိုပြင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကိုဗစ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို လုံးဝ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေ၊ သတင်းရင်းမြစ်တွေဆီကပဲ ယူဖို့၊ ဖတ်ဖို့၊ လေ့လာဖို့ ပထမဆုံး ပြောပါရစေ။
မိမိရဲ့မိသားစုဝင်တွေကိုလဲ ဒီမှန်ကန်တဲ့ သတင်းတွေကိုပဲ ပေးပါ။ မခြောက်လှန့်ပါနဲ့။ ကြောက်အောင် စိုးရိမ်အောင် မလုပ်ပါနဲ့။ Panic မဖြစ်ပါနဲ့။ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားပါ။ အကြောက်တရားက သင့်ကို စိုးမိုး ခြယ်လှယ်ခြင်း လုပ်မှာကို တွန်းလှန်ပါ။
ဒါကြောင့် ကိုဗစ် ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးတာတွေကို အစိုးရတွေ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေငြာထားတာတွေကို လိုက်နာပြီးနေပါ။ ပတ်ဝန်းကျင်ကို မျှဝေပါ။ Mindfulness လို့ခေါ်တဲ့ စိတ်သတိလေးနဲ့ လေ့ကျင့်နေထိုင်ပါ။
ကိုဗစ်ရောဂါ မရဘဲ သူနဲ့ ပါလာတဲ့ Stress တွေကြောင့် စိတ်ဖိစီးမှုရောဂါတွေ အခြားရောဂါတွေ ဝင်လာနိုင်တာကို သတိပြုပါ။ ကိုဗစ်ကို စိုးရိမ်ပြီး အရက်သေစာတွေ ပိုသောက်တာဟာလည်း မှားယွင်းတဲ့ လုပ်ရပ်လို့ သိရပါတယ်။ ဒါကြောင့် ကိုဗစ်ကြောင့် အရက်သေစာကို လျှော့ပြီး သောက်သုံးတာ အကောင်းဆုံးပါ။
မလိုအပ်တဲ့ သတင်းတွေ၊ ကောလဟာလတွေ၊ အကြောက်တရားဘက်ကို တွန်းပို့နေတဲ့ သတင်း မဟုတ်တဲ့ Fake News တွေကို ရှောင်ပါ။ ဒါကြောင့် တီဗီကို ပိတ်လို့ ရပါတယ်။ ဖုန်းတွေနဲ့ ဝေးဝေးနေလို့ ကိုဗစ်မကူးပါဘူး။ ဖုန်းထဲက Facebook ထဲက ကိုဗစ်အကြောင်းတွေ လျှောက်ဖတ်ပြီး ကိုဗစ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှု Stress တွေ ရနိုင်ပါတယ်။
မိသားစုဝင်တွေကို ကျန်းမာရေး ဂရုစိုက်ပါ။ ကလေးငယ်တွေကို အားပေးပါ။ သူတို့နဲ့ အတူတူ နေပါ။ အနေမှန်၊ အစားမှန်၊ အအိပ်မှန်အောင် ကြိုးစားပါ။ ဒီကပ်ရောဂါကြီးဟာ ကမ္ဘာကြီးမှာ အကြာကြီး မနေနိုင်ဘူးဆိုတာ မှတ်ထားပါ။
You may also like these stories:
COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဗြိတိန်မှာ သွားလာခွင့် ပိတ်ပင် ကန့်သတ်
COVID-19 ကို ရင်ဆိုင်ကာကွယ်နိုင်ဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ
ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး ဝက်ဘ်ဆိုဒ်ကို Google လွှင့်တင်