လာအိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကူးစက်ခံထားရသူ ၂ ဦး ရှိသွားပြီလို့ လာအို ကျန်းမာရေးဝန်ကြီး ဌာနက အတည်ပြု ပြောကြားလိုက်ပါတယ်။
ကူးစက်ခံရသူတွေဟာ အသက် ၂၈ အရွယ် ဟိုတယ်ဝန်ထမ်း အမျိုးသားတယောက်နဲ့ အသက် ၃၆ နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတယောက် ဖြစ်တယ်လို့ သိရပါတယ်။ ကူးစက်ခံရသူ ၂ ယောက်စလုံးဟာ လာအိုနိုင်ငံရဲ့ မြို့တော် ဗီယင်ကျန်းမှာ နေထိုင်သူတွေ ဖြစ်ကြတယ်လို့ ဝန်ကြီးဌာနရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
COVID-19 ကူးစက်ခံခဲ့ရသူ ၂ ယောက်စလုံးဟာ နိုင်ငံခြားသားတွေနဲ့ အနီးကပ် ထိတွေ့ခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ ရောဂါကူးစက်ခံနေရသူ ၂ ယောက်ကို ဆေးကုသမှု ပေး နေတယ်လို့ သိရပါတယ်။
လာအို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Phouthone Moungpak ရဲ့ ပြောကြားချက်အရ ရောဂါကူးစက်ခံခဲ့ရတဲ့အမျိုးသမီးဟာ COVID-19 လက္ခဏာ မပြခင် လာအိုနိုင်ငံမြောက်ပိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
ရောဂါကူးစက်ခံရတဲ့ အမျိုးသားကလည်း ထိုင်းနိုင်ငံ လေ့ကျင့်ရေး သင်တန်းတခုကို သွားရောက်ခဲ့ပြီး နောက် ရောဂါကူးစက်ခံခဲ့ရပါတယ်။ ၂ ဦးစလုံးကို သတ်မှတ် ကုသရေးဆေးရုံဖြစ်တဲ့ Mittaphab ကုတင် ၁၅၀ ဆေးရုံမှာ ဆေးကုသမှု ခံယူစေပြီး ရောဂါလက္ခဏာ မပြင်းထန်ဘူးလို့ သိရပါတယ်။
ရောဂါကူးစက်ခံခဲ့ရသူတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေကိုလည်း သီးခြား စောင့်ကြပ် ကြည့်ရှုမှုတွေ ပြုလုပ်ပေးနေကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိတော့ လာအိုနိုင်ငံမှာ သံသယလူနာ ၁၃၁ ယောက် ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုဆိုရင်တော့ အရှေ့တောင်အာရှနိုင်ငံတွေ အားလုံးကို COVID-19 ရောဂါ ကူးစက်သွားပါပြီ။
Ref: Xinhua, straitstimes
You may also like these stories:
COVID -19 ကူးစက်သူ အရေအတွက် တရှိန်ထိုးများပြားလာတဲ့ နယူးယောက်မြို့
ကိုဗစ် ကာလမှာ Social Distancing က ဘယ်လို အရေးပါလဲ
ပြည်တော်ပြန်များ COVID-19 ကာကွယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင်ဖို့လို