COVID-19 ကပ်ဆိုက်ပြီးတဲ့နောက် ကျန်းမာရေးဝန်ထမ်းတွေဟာ သူရဲကောင်းတွေ ဖြစ်လာကြပါ တယ်။ တကယ်လည်း ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုယ့်အသက်ကို မငဲ့ဘဲ ကပ်ရောဂါဆိုးကြီးကို တိုက်ဖျက်ပေးနေတဲ့ လူသားတွေပါ။
မြန်မာနိုင်ငံမှာလည်း COVID-19 ကူးစက်ခံထားရသူတွေ တွေ့လာရတဲ့အတွက် ရောဂါထိန်းချုပ် ကုသရေး လုပ်ငန်းတွေမှာ ကျရာနေရာကနေ တာဝန် ထမ်းဆောင်ဖို့ ကိုယ့်ဆန္ဒအလျောက် သဘောထားပေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီဆရာဝန် ၅ ဦးဟာ မတ်လ ၂၅ ရက်နေ့ကစပြီး ချင်းပြည်နယ်၊ တီးတိန်မြို့က ပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်ရမယ်လို့ သိရပါတယ်။
အဲဒီ ဆရာဝန် ၅ ဦးကတော့ အခြေခံသင်တန်း ရာထူးစု ကုသရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် (အရိုး) ဒေါက်တာ နုန်းမွန်ထောန်၊ ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာ လာလ်ရမ်ဇာအို၊ NHP Implementaiton Monitoring Unit မှ ဦးစီးအရာရှိ (လက်ထောက်ဆရာဝန်)များ ဖြစ်ကြတဲ့ ဒေါက်တာ ဘွေမန်းလျန်၊ ဒေါက်တာ ဝတ်ရည်ဝင်းနဲ့ ဒေါက်တာ ကောင်းမြတ်ဦးတို့ပဲ ဖြစ်ပါတယ်။
အဆိုပါ ပရဟိတ ဆရာဝန် ၅ ဦးကိုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အခုလို မိမိသဘော ဆန္ဒအလျောက် အဆိုပြုလာတဲ့အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၃ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားခဲ့သူ ၂ ဦးကို စတင်တွေ့ရှိခဲ့ပြီး မတ်လ ၂၅ ရက်နေ့ မနက်ကလည်း အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အမျိုးသားတဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။
COVID-19 ကူးစက်ခံထားရသူ မြန်မာနိုင်ငံသား ၂ ယောက်ရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်နေပြီး စိုးရိမ်စရာ မရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောကြားထားပါတယ်။
တဆက်တည်းမှာပဲ လူမှုကွန်ရက် စာမျက်နှာတွေမှာ သတင်းအမှားတွေ ဖြန့်ဝေနေကြသူတွေလည်း ရှိနေပါတယ်။ ဒီလိုကိစ္စမျိုးဟာ မလုပ်သင့်တဲ့ ကိစ္စပါ။ မြန်မာအစိုးရအနေနဲ့ COVID-19 နဲ့ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောဆိုထားပေမယ့် ဆောင်ရွက်မှု မရှိသေးတာကို တွေ့ရပါတယ်။
ချင်းပြည်နယ်၊ တီးတိန်မှာရှိနေတဲ့ လူနာမှာလည်း ဒီနေ့အချိန်မှာတော့ အဖျား မရှိသလို နဂိုကတည်းက ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ မရှိဘူးလို့ သိရပါတယ်။ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း ချင်းအမျိုးသား ဧည့်ခံပွဲ လုပ်ခဲ့တဲ့ရွာကို Lockdown (သို့မဟုတ်) Community Quarantine စတင် ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
သူနဲ့ ထိတွေ့ခဲ့သူ အားလုံးကို သီးခြားခွဲထားပြီး Quarantine စတင် လုပ်ဆောင်နေပြီလို့ သိရပါတယ်။ တီးတိန်ကနေ အလန့်တကြား စစ်ကိုင်းဘက် ဆင်းတာတွေကိုလည်း ကန့်သတ်လိုက်ပြီး ပြည်တော်ပြန်တွေကို ၁၄ ရက်ကြာ Quarantine လုပ်သွားပါမယ်။ ကလေး – တီးတိန် အဝင်အထွက်တွေကိုလည်း ကန့်သတ်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအဝင် တံတားကြီးမှာလည်း ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး ချင်းအမျိုးသား ဓာတ်ပုံသွား ရိုက်ခဲ့တဲ့ ဓာတ်ပုံဆိုင်နဲ့ သူသွားခဲ့တဲ့ နေရာတွေက မိသားစုဝင်တွေကို Quarantine လုပ်နေပြီလို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအတိုင်း တိတိကျကျ ဆောင်ရွက်သင့်ပါတယ်။
အစိုးရအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေကတောင် ကိုယ့်သဘော ဆန္ဒနဲ့ လုပ်အားပေးဖို့ ပြင်ဆင်နေကြချိန်မှာ သတင်းအမှားတွေနဲ့ လူတွေကို မထိတ်လန့်စေသင့်ပါဘူး။ ပြည်သူတွေအနေနဲ့လည်း လူစုလူဝေးလို နေရာမျိုးတွေကို မသွားဖို့ လိုအပ်ပါတယ်။
ဝူဟန်မှာ ကူးစက်မှုနှုန်း ရုတ်တရက် မြင့်တက်သွားခဲ့ရတာဟာ စူပါမားကတ်လို နေရာတွေမှာ စုပြုံတိုးဝှေ့ပြီး ဈေးဝယ်ခဲ့ကြတဲ့ အတွက်ကြောင့်ပါ။ ဒါကို ဥပမာယူပြီး လူစုလူဝေး မဖြစ်အောင် တတ်နိုင်သမျှ အားလုံး ဆင်ခြင်နေထိုင်ကြဖို့ အစိုးရကလည်း တိုက်တွန်းထားပါတယ်။
You may also like these stories:
ထိုင်းမှပြန်လာသည့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတဦး ထွက်ပြေး
COVID-19 ကာကွယ်ရေးအတွက် လက်ဆေး Challenge ပြုလုပ်ကြတဲ့ အနုပညာရှင်များ
ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲခန်းနှင့် ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေး