ချက်သမ္မတနိုင်ငံ၊ မြို့တော် Prague မှာ ပြေးဆွဲနေတဲ့ အများပြည်သူသုံး ပို့ဆောင်ရေးယာဉ်အားလုံးကို တာရှည်ခံ နည်းပညာအသုံးပြုပြီး ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယား ပိုးသတ်ဆေးတွေဖြန်းဖို့ လုပ်ဆောင်နေပါတယ်။ ဆေးဖြန်းထားတဲ့ ယာဉ်တွေဟာ အနည်းဆုံး ၂ နှစ်လောက် ဆေးစွမ်းခံတယ်လို့ ဆိုပါတယ်။
ပြေးဆွဲနေတဲ့ မြေအောက်ရထားအတွင်းပိုင်းမှာ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုရောဂါတွေကို သေစေနိုင်စွမ်းရှိ အတွင်းပိုင်း အလွှာကို Titanium Dioxide နည်းပညာသုံး Polymer အလွှာနဲ့ ဖုံးအုပ်ပေးထားလို့ အနည်းဆုံး ၂ နှစ်လောက် အသုံးပြုနိုင်ပါတယ်။
Prague ရဲ့ ပို့ဆောင်ရေးကုမ္ပဏီ (DPP) က မတ်လ ၁၀ ရက်နေ့တည်းက ပိုးသတ်ဆေးပစ္စည်းအမျိုးအစား ၂ မျိုးကို စမ်းသပ်နေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ လောလောဆယ်မှာတော့ မြေအောက်ရထားလိုင်း ၂ လိုင်းက ရထားတွဲတွေမှာ ဆေးဖြန်းသွားမှာဖြစ်ပြီး နောက်ပိုင်း ဘတ်စ်ကားလိုင်းတွေနဲ့ ကားရထားတွဲတွေမှာပါ ဗိုင်းရပ်စ် ပိုးသတ်ဆေးဖြန်းခြင်းကို လုပ်ဆောင်သွားမှာပါ။
စုစုပေါင်း မြေအောက်ရထား ၁၄၆ စီးကို ဧပြီလလယ်လောက် နောက်ဆုံးထား လုပ်ဆောင်သွားမှာဖြစ်ပြီး မြေပြင်မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားလိုင်းတွေနဲ့ ကားရထားတွေကိုတော့ ဧပြီလကုန် နောက်ဆုံးထား လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ပိုးသတ်ဆေးတွေကို အတွင်းပိုင်းနံရံတွေ၊ ခေါင်းမိုးတွေ၊ တံခါး၊ ထိုင်ခုံနဲ့ လက်တန်းတွေနဲ့ ခရီးသည်တွေ ထိတွေ့နိုင်တဲ့ နေရာအနှံ့ကို ဖြန်းသွားမှာပါ။
“ပုံမှန် သန့်ရှင်းရေး အလုပ်တွေကို ပိုးသတ်ဆေး တာရှည်ခံမယ့် ၂၁ ရာစု နည်းပညာတွေသုံးပြီး အများပြည်သူသုံး ပို့ဆောင်ရေးယာဉ်တွေကို သန့်စင်ပေးသွားမှာပါ။ DPP ကို အထူးသဖြင့် ရောဂါကာကွယ်ရေးနဲ့ သန့်ရှင်းရေးပိုင်းမှာ နောက်ဆုံးပေါ်နည်းပညာတွေသုံးတဲ့ လုပ်ငန်းတခုဖြစ် စေချင်တာပါ။ မြို့တော်နေ ပြည်သူတွေ သွားလာရေးအတွက် ကျနော်တို့လုပ်ပေးနိုင်တာအားလုံး လုပ်ပေးသွား မှာပါ” လို့ Prague ဒုတိယမြို့တော်ဝန် Adam Scheinherr က ဆိုပါတယ်။
ခရီးသွားတွေကလည်း ပိုးသတ်ဆေးဖြန်းထားတဲ့ ယာဉ်တွေကို အလွယ်တကူ သိရှိနိုင်အောင် အဝိုင်းပုံ စတစ်ကာတွေကို ယာဉ်မောင်း ဘေးတံခါးနဲ့ အဝင်အထွက် တံခါးမှန်ပေါက်တွေမှာ ကပ်ထားမှာပါ။ နောက်ထပ်လည်း မြေအောက်ရထား ဘူတာရုံတွေက ဓာတ်လှေခါးလက်ရမ်းတွေမှာ အဆိုပါ နည်းပညာအသစ်ကိုသုံးပြီး လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
မတ်လ ၂၅ ရက်မှာ မြေပေါ်ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေနဲ့ ကားရထားတွဲတွေကို ပိုးသတ်ဆေးဖြန်းသွားမယ်လို့ စီစဉ်ထားပါတယ်။ အဆိုပါ နာနိုနည်းပညာ အသစ်ဟာ ပိုးသတ်ဆေးတွေကို အတွင်းပိုင်းထဲ ၁၀ မိနစ်လောက် အမှုန်အမွှားတွေလို ဖုံးအုပ်လိုက်ပြီး ၂ နှစ်ကျော်လောက် တာရှည်ခံ ကာကွယ်ပေးထားနိုင်ပါတယ်။
Ref: Expats cz
You may also like these stories:
COVID-19 ကြောင့် အိန္ဒိယမှာ ၃ ပတ်ကြာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်
COVID-19 ကာကွယ်ရေးအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့တဲ့ Arnold Schwarzenegger
COVID-19 ကာကွယ်ရေးအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့တဲ့ Arnold Schwarzenegger