အရှေ့တောင်အာရှ နိုင်ငံတွေအားလုံးထဲမှာ COVID-19 ကူးစက်ရောဂါ အဆိုးဆုံး ကူးစက်ခံနေရတာကတော့ မလေးရှားနိုင်ငံဖြစ်ပြီး လူအသေအပျောက် အများဆုံးကတော့ အင်ဒိုနီးရှားနိုင်ငံပါ။ ဒါကြောင့်လည်း အင်ဒိုနီးရှားနိုင်ငံကို ဒုတိယ အီတလီ ဖြစ်သွားမလားလို့ ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
အရှေ့တောင်အာရှမှာ လူသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်နေပေမယ့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို ကတော့ COVID-19 ကြောင့် အင်ဒိုနီးရှားနိုင်ငံကို Lockdown လုပ်သွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။ COVID-19 ကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ လူ ၅၅ ယောက် သေဆုံးခဲ့ပါတယ်။
အရှေ့တောင်အာရှမှာ ကူးစက်မှုနှုန်း မြင့်တက်နေတာကတော့ မလေးရှားနိုင်ငံပါ။ ဒီနေ့အချိန်ထိ မလေးရှားနိုင်ငံမှာ ရောဂါကူးစက်ခံရသူပေါင်း ၁,၇၉၆ ယောက်ရှိနေပြီး သေဆုံး သူ စုစုပေါင်း ၂၀ ယောက် ရှိသွားခဲ့ပြီလို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာရတဲ့ အကြောင်းကတော့ ဘာသာရေးအခမ်းအနား တခုနဲ့ သက်ဆိုင်ပါတယ်။ အဲဒီ ဘာသာရေး အခမ်းအနားကြောင့်ပဲ ရောဂါကူးစက်မှု မရှိသေးတဲ့ ဘရူနိုင်းနိုင်ငံပါ ရောဂါကူးစက်ခဲ့ရပါတယ်။
မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က မတ်လ ၃၁ ရက်နေ့အထိ မလေးရှားနိုင်ငံကို Lockdown ချမယ်လို့ ကြေညာထားခဲ့ပေမယ့် အခုတော့ ဧပြီ ၁၄ ရက်နေ့အထိ တိုးလိုက်ပါတယ်။ ရက်ကန့်သတ်ချက် တိုးလိုက်ရတာကလည်း COVID-19 ကို ထိန်းချုပ်ဖို့အတွက် ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အခုလို သတ်မှတ်လိုက်တဲ့အတွက် လူတွေမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားပေမယ့် သူ့အနေနဲ့ ရွေးချယ်စရာ မရှိတော့ပါဘူး။ လူတွေရဲ့ အသက် လုံခြုံရေးအတွက် အခုလို စီစဉ်ရတာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ရုပ်မြင်သံကြား အစီအစဉ်ကနေ ပြောကြားခဲ့ပါတယ်။
COVID-19 ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာပြီးနောက်ပိုင်း မတ်လ ၁၈ နေ့ကစပြီး မလေးရှားနိုင်ငံကို Lockdown ချထားခဲ့ပါတယ်။ အခုချိန်မှာတော့ မလေးရှားနိုင်ငံရဲ့ လမ်းတွေမှာ လူသွားလူလာ မရှိတော့ပါဘူး။ နိုင်ငံခြားသားခရီးသည်တွေ အားလုံးကို ပြည်ဝင်ခွင့် ပိတ်ထားတဲ့အပြင် အစိုးရရုံးတွေနဲ့ Shoping mall တွေကိုလည်း ပိတ်ထားပါတယ်။
Ref: Bangkok Post, thejakartapost
You may also like these stories:
ဗိုင်းရပ်စ် ပျံ့နှံ့အောင် နိုင်ငံတကာ ခရီးသွားနေသူများအား အကြမ်းဖက်မှုဖြင့် တရားစွဲနိုင်ဖွယ်ရှိ
အများပြည်သူသုံးယာဉ် အားလုံးကို ပိုးသတ်ဆေးဖြန်းမယ့် ချက်သမ္မတနိုင်ငံ
COVID-19 ကြောင့် အိန္ဒိယမှာ ၃ ပတ်ကြာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်