ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ လတွေတုန်းက ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ ဆယ်ဂဏန်း လောက်သာ ရှိခဲ့ရာမှ အခုချိန်မှာတော့ ရောဂါ ကူးစက်ခံရသူ အရေအတွက် နေ့စဉ် ၁၀၀ ကျော် ရှိလာပါတယ်။ ရောဂါကူးစက်ခံရသူတွေဟာ လက်ဝှေ့အားကစားရုံနဲ့ အများဆုံး ဆက်စပ်နေပါတယ်။
ဒီနေ့မှာတော့ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံထားရတဲ့ လူနာအသစ် ၁၁၁ ယောက် ရှိတယ်လို့ သိရပါတယ်။ မတ်လ ၂၄ ရက်နေ့က COVID-19 ကူးစက်ခံရသူ ၁၂၂ ယောက် ရှိခဲ့ပြီး မတ်လ ၂၅ ရက်နေ့မှာတော့ ကူးစက်ခံရသူ ၁၀၆ ယောက် ရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၄၅ ယောက် ရှိနေပြီး COVID-19 ကြောင့် သေဆုံးသူ ၄ ယောက်အထိ ရှိလာခဲ့ပါပြီ။
ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနမှ ဒေါက်တာ Anupong Suchariyukul က COVID-19 ကူးစက်ခံထားရသူ ၈၈ ယောက်ဟာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့တဲ့အတွက် ဆေးရုံကနေ ဆင်းသွားခဲ့ပြီး ၉၅၃ ယောက်ကတော့ ဆေးကုသမှု ဆက်လက် ခံယူနေရကာ ၄ ယောက်ကတော့ စိုးရိမ်ရဖွယ် အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။
အခုလို ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်လာရတဲ့ အကြောင်းကတော့ ဖျော်ဖြေရေးလို နေရာမျိုးတွေ၊ လက်ဝှေ့ အားကစားရုံတွေနဲ့ ဘာသာရေး အခမ်းအနားတွေကို သွားရောက်ခဲ့ကြတာကြောင့် ဖြစ်တယ်လို့ ဒေါက်တာ Anupong က ပြောပါတယ်။ ဆက်လက်ပြီး COVID-19 ကူးစက်သူ အရေအတွက် မြင့်တက်လာစရာ အကြောင်း ရှိနေပါတယ်။
အခုအချိန်မှာတော့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေလည်း မြန်မာနိုင်ငံတွင်းကို ပြန်လည် ဝင်ရောက် လာနေကြပါတယ်။ မြန်မာနိုင်ငံကို ပြန်ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတချို့ဟာ သက်ဆိုင်ရာက စီစဉ်ပေးထားသလို ၁၄ ရက်ကြာ Home Quarantine လုပ်ကြပေမယ့် တချို့ကလည်း ၁၄ ရက်ကြာ Home Quarantine လုပ်ဖို့ ငြင်းဆန်နေကြတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ဖူးခက် ဒေသမှာဆိုရင်လည်း ကျန်းမာရေးဝန်ထမ်းတွေပါ ရောဂါ ကူးစက်ခံနေရပါတယ်။ COVID-19 ကပ်ရောဂါကြီးကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကတော့ သူရဲကောင်းတွေပါပဲ။
အခုလို ထိုင်းနိုင်ငံမှာ နေ့စဉ် လူ ၁၀၀ ကျော် COVID-19 ကူးစက်ခံနေရတာဟာ လူစုလူဝေးထဲ သွားရောက်ခဲ့ကြတဲ့ အတွက်ကြောင့် အခုလို အချိန်မျိုးမှာ လူစုလူဝေးထဲ မသွားသင့်တော့ပါဘူး။ မြန်မာနိုင်ငံမှာလည်း COVID-19 ကူးစက်ခံရသူ ၃ ဦး ရှိလာပါပြီ။ မြန်မာနိုင်ငံသားတွေအနေနဲ့ COVID-19 ကို ပေါ့ပေါ့ဆဆ သဘောထားပြီး လူအုပ်တွေထဲ သွားလာနေကြရင် ရောဂါ ကူးစက်ခံရမှုနှုန်းက ပိုပြီး မြင့်တက်လာပါလိမ့်မယ်။
Ref. Bangkok Post
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး တပ်မတော်အသင့်ပြင်ထား
အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရက်အတွင်း သေဆုံးသူ ၄၇၅ ဦးရှိ