အမေရိကန်နိုင်ငံ၊ Seattle မြို့က NPR (National Public Radio) အဖွဲ့ဝင် KUOW ကနေ သမ္မတထရန့်နဲ့ အိမ်ဖြူတော် အရာရှိတွေရဲ့ နေ့စဉ် ရှင်းလင်းညွှန်ကြားချက် တိုက်ရိုက် ထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းတော့မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
၂ ပတ်အကြာ အိမ်ဖြူတော်ကနေ သမ္မတနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တိုက်ရိုက် ထုတ်လွှင့် ပြောကြားချက်တွေဟာ တကယ်ပဲ နားထောင်သူတွေအတွက် အကျိုးရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ရှိလာတာကြောင့် ပြည်သူတွေ အကျိုးရှိမယ့် အစီအစဉ်တွေကိုပဲ တင်ဆက်သွားမယ်လို့ KUOW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သမ္မတထရန့်နဲ့ အိမ်ဖြူတော်အရာရှိတွေရဲ့ ပြောကြားချက်တွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်းရင်းတွေထဲက မတ်လ ၂၀ ရက်မှာ သမ္မတထရန့်က “ဆိုင်တွေမှာ ကုန်ပစ္စည်းတွေ ပြတ်လပ်သွားတယ်ဆိုတာ ရှားပါတယ်” လို့ ပြောကြားခဲ့သော်ငြားလည်း ဒေသခံ မီဒီယာတွေမှာတော့ ဆိုင်တော်တော်များများမှာ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်နေတာကို ဖော်ပြခဲ့ကြပါတယ်။
မတ်လ ၁၉ ရက်မှာ သမ္မတ ထရန့်က “ကာကွယ်ဆေးတွေ ထုတ်လုပ်နေပါပြီ။ ချက်ချင်းရပါတော့မယ်”လို့ တိုက်ရိုက် အစီအစဉ်မှာ ပြောကြားခဲ့ပေမယ့် FDA တာဝန်ရှိသူတွေက ဒီသတင်းဟာ မှန်ကန်မှုမရှိကြောင်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
သမ္မတဘက်က မမှန်ကန်တဲ့ အချက်အလက်တွေ၊ အခြေမြစ် မရှိတဲ့ အကြောင်းရာတွေကို နေ့စဉ် ပြည်သူတွေဆီ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ချဲ့ကားပြောဆိုနေတာဟာ အန္တရာယ် ရှိလာတာကြောင့်လို့ ဆိုပါတယ်။ အခု ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးနဲ့ တစုံတရာ ပတ်သက်မှု မရှိဘူးလို့လည်း ပြောကြားလိုက်ပါတယ်။
အရင်အပတ်က MSNBC နဲ့ CNN တို့မှာလည်း ထုတ်လွှင့်ပြောကြားချက် အစီအစဉ်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာကြောင့် အိမ်ဖြူတော်ရဲ့ အမျက်ဒေါသ ထွက်တာကို ခံရပါသေးတယ်။ သမ္မတ ထရန့်ရဲ့ အခြေအမြစ် မရှိ၊ တာဝန်ခံမှု မရှိတဲ့ နှုတ်ထွက်စကားတွေကို ပြည်သူတွေဆီ မထုတ်လွှင့်ခင် စိစစ်ဖျက်ထုတ်တာမျိုးတွေ၊ အကျဉ်းချုံးပစ်တာမျိုးတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ပေးလိုက်တာဟာ လူတွေရဲ့ နေ့စဉ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်သလို တဖက်မှာလည်း မမှန်ကန်တဲ့ အချက်အလက်တွေကို လူအများကြီးဆီ ဖြန့်ဖြူးလိုက်သလို ဖြစ်သွားစေနိုင်ပါတယ်။
သမ္မတ ထရန့်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ရိုက် ပြောကြားချက်တွေနဲ့ ဖုံးအုပ်ထားနိုင်မယ်လို့ ထင်နေပေမယ့် တဖက်မှာတော့ အစိုးရဘက်က ပြည်သူ့ကျန်းမာရေးအတွက် ရှင်းရှင်းလင်းလင်း ပြောကြားသင့်ပြီလို့ ထင်မြင်နေကြပါတယ်။
Ref: Washington Post
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြနေတဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဝူဟန် ခရီးစဉ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်မှာ အကျဉ်းသားများကို လွှတ်ပေး