ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သံသယဖြစ်စရာ ရောဂါလက္ခဏာ အနည်းငယ် တွေ့ရပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဒေါင်းနင်းလမ်း နေအိမ်မှာ သီခြားခွဲနေထိုင်ပြီး နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာတွေကို ဖြေရှင်းနေတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ဂျွန်ဆင်ကို နောက်ဆုံးတွေ့ခဲ့ရတာကတော့ မတ်လ ၂၆ ရက် ညက ဒေါင်းနင်းလမ်းနေအိမ်မှာ NHS ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်တဲ့အနေနဲ့ အိမ်အပြင်ဘက်ထွက် လက်ခုပ်တီး ဂုဏ်ပြုခဲ့ပါသေးတယ်။
အသက် ၅၅ နှစ်အရွယ် ဝန်ကြီးချုပ် ဂျွန်ဆင်က သူ့တွစ်တာအကောင့်ကတဆင့် “နေအိမ်မှာ သီးခြားစီခွဲပြီး နေထိုင်ကာ အလုပ်လုပ်နေပါတယ်။ ခေတ်သစ်နည်းပညာတွေကြောင့် အိမ်ခန်းထဲကနေပဲ အစိုးရအဖွဲ့ကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဦးဆောင် ဖြေရှင်းနေပါတယ်။ ဒီကပ်ဘေးထဲမှာ ကူညီပေးနေကြသူအားလုံး အထူးသဖြင့် ကျနော်တို့ရဲ့ NHS ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်” လို့ ဗီဒီယို တင်ပေးထားပါတယ်။
အင်္ဂလန်နိုင်ငံ ဆေးဘက်ဆိုင်ရာအကြီးကဲ ပါမောက္ခ Chris Whitty က NHS ဝန်ထမ်းတွေကို ဝန်ကြီးချုပ် ဂျွန်ဆင်အတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း ရှိ၊ မရှိ ကို စစ်ဆေးပေးဖို့ ပြောခဲ့ရာက အခုလို ကူးစက်ခံနေရ ကြောင်း တွေ့ရှိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယခုပတ်အစောပိုင်းကလည်း ဂျွန်ဆင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အကယ်၍ ဝန်ကြီးချုပ် ကျန်းမာရေး အခြေအနေကြောင့် လုပ်လက်စ လုပ်ငန်းဆောင်တာတွေကို မဆောင်ရွက်နိုင်ခဲ့ရင် နိုင်ငံခြားရေးဝန်ကြီး Dominic Rabb က တာဝန်ယူ ဆောင်ရွက် လုပ်ကိုင်ပေးလိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်။
ဒေါင်းနင်းလမ်း အိမ်နံပါတ် ၁၀ နေအိမ်မှာတော့ ဝန်ကြီးချုပ်ဟာ ကိုယ်ဝန် ၇ လ လွယ်ထားရတဲ့ ဇနီးလောင်း Carrie Symonds နဲ့ အတူနေထိုင်ပါတယ်။
ယူကေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၁,၆၀၀ ကျော်ရှိပြီး ၅၇၈ ယောက် သေဆုံးခဲ့ပါတယ်။ ဒီအပတ် အစောပိုင်းတုန်းကလည်း ဝေလမင်းသား ချားစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရထားရကာ လက်ရှိအချိန်မှာတော့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref: BBC
You may also like these stories:
မန်းတိုင်းသို့ ပြည်ပမှ ရောက်လာသူတိုင်း Facility Quarantine မဖြစ်မနေ ဝင်ရမည်
COVID-19 ပိုးတွေ့လူနာသစ် ၂ ဦး၏ နေအိမ်များကို အသွားအလာကန့်သတ်
ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ