အမေရိကန်နိုင်ငံကနေ စမ်းသပ်ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို ချက်သမ္မတနိုင်ငံက COVID-19 ကူးစက်ခံလူနာကို စမ်းသပ်ခဲ့ပြီး ၃ ရက်အကြာမှာ တိုးတက်မှု ရလဒ်ကောင်းတွေ ရှိနေတယ်လို့ အဆိုပါလူနာ တက်ရောက်ကုသနေတဲ့ မြို့တော် Prague မှ General Teaching Hospital (VFN) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Marie Hermankova က ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု၊ NIH အမျိုးသားကျန်းမာရေးဌာနက စမ်းသပ်ခဲ့တဲ့ Remdesivir ဆေးကို အီဗိုလာရောဂါ စတင်ဖြစ်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံအနီး ရပ်နားထားခဲ့ရတဲ့ Diamond Prince သင်္ဘောပေါ်က ဆင်းသက်လာသူ အမေရိကန်လူမျိုးတဦးကို ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ပါတယ်။
အဆိုပါဆေးဟာ SARS (Severe Acute Respiatory Syndrome) ဆားစ်ရောဂါ ဖြစ်ပွားသူတွေကို စမ်းသပ်ခဲ့စဉ်တုန်းကလည်း ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။ ချက်သမ္မတနိုင်ငံက COVID-19 ကူးစက်ခံလူနာဟာ နိုင်ငံတွင်းမှာ အမေရိကန်နိုင်ငံက ထုတ်လုပ်သူတွေ အာမခံချက်ပေးထားတဲ့ Remdesivir ဆေးကို စမ်းသပ်ခံခဲ့တဲ့ တဦးတည်းသော လူနာလည်း ဖြစ်ပါတယ်။
VFN ရဲ့ မေ့ဆေးအထူးပြု လက်ထောက် ဆေးရုံအုပ် Martin Balik က အဆိုပါ COVID-19 ကူးစက်ခံလူနာဟာ အဆုတ်ရောင်ရောဂါကြောင့် Thomayer ဆေးရုံကို မတ်လ ၁၀ ရက်က လာရောက် ပြသခဲ့တာဖြစ်ပြီး နောက် ၅ ရက်အကြာမှာ အခုဆေးရုံ ရောက်လာချိန် စမ်းသပ်လိုက်တဲ့အခါ သူ့အဆုတ်တွေဟာ ပျက်စီးနေပြီလို့ ဆိုပါတယ်။
ချက်သမ္မတနိုင်ငံမှာ တွေ့ရတဲ့ COVID-19 ကူးစက်ခံလူနာအများစုဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားနေရတာကြောင့် အသက်ရှူစက် Ventilator တွေနဲ့ အောက်ဆီဂျင်တွေ လိုအပ်နေပါတယ်။ VFN ဆေးရုံက လူနာကို Remdesivir ဆေး စမ်းသပ်ကုသဖို့အတွက် ချက်လူမျိုး Tomas Cihlar ဦးဆောင်တဲ့ အဖွဲ့ ကနေ ထုတ်လုပ်ခဲ့တဲ့ အမေရိကန်ကုမ္ပဏီ Gilead ကနေ ရယူခဲ့တာလို့ ဆိုပါတယ်။
မတ်လ ၂၂ ရက်က အဆိုပါဆေး ထုတ်လုပ်တဲ့ Gilead ကုမ္ပဏီက Remdesivir ဆေးကို ကိုယ်ဝန်ဆောင်နဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေမှာ စမ်းသပ်ကုသဖို့အတွက် ခွင့်မပြုတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ချက်သမ္မတနိုင်ငံ ကျန်းမာရေးဒုတိယဝန်ကြီး Roman Prymula ကလည်း အဆိုပါဆေးကို နောက်ပိုင်းမှာ အသုံးပြုဖို့အတွက် စေ့စပ်ညှိနှိုင်းတာတွေ လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။ ပထမဆုံးလူနာကိုတော့ အခမဲ့စမ်းသပ်ပေးခဲ့တာဖြစ်ပြီး နောက်ပိုင်း အသုံးပြုမယ်ဆိုရင်တော့ ချက်သမ္မတနိုင်ငံဘက်က ဝယ်ယူရတော့မှာပါ။
Remdesivir ဆေးဟာ အာဖရိကတိုက်၊ ကွန်ဂိုနိုင်ငံကနေ စတင် ပျံ့နှံ့ခဲ့တဲ့ အီဘိုလာရောဂါအတွက် စမ်းသပ် ထုတ်လုပ်ထားတာဖြစ်ပြီး ဗိုင်းရပ်စ်မျိုးစုံ ကာကွယ်ကုသပေးနိုင်တဲ့ ပိုးသတ်ဆေးအမျိုးအစားပါ။ WHO အဖွဲ့ကြီးက ကိုရိုနာဗိုင်းရပ်စ်သစ်အတွက် ကုသရာမှာ အလားအလာ အကောင်းဆုံးဆေးအဖြစ် သတ်မှတ်ထားပါတယ်။
Ref: Czech News Agency
You may also like these stories:
COVID-19 ကာလအတွင်း မိမိရဲ့စိတ်ပိုင်းဆိုင်ရာကို ဘယ်လို ပြင်ဆင်မလဲ
ဗြိတိန်ဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
မလေးရှားနိုင်ငံအား Lockdown ပြုလုပ်မှု ဧပြီလလယ်အထိ တိုးမြင့်ထား