နှစ်အတော်ကြာ ရာသီဥတု ဖောက်ပြန်တဲ့ ပြဿနာရဲ့ အဓိကအချက်ကတော့ အိုဇုန်းလွှာ ပျက်စီးလာပြီး ဖန်လုံ အာနိသင်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့်ပါ။ ကာကွယ်ပေးနေတဲ့ အလွှာ ပါးလွှာလာတာနဲ့အမျှ လေထုနဲ့ ရေထု ညစ်ညမ်းမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာတာဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။
ကမ္ဘာ့မျက်နှာပြင် အထက်မှာရှိတဲ့ လေထုထဲမှာ အလိုအလျောက်ဖြစ်ပေါ်နေတဲ့ အိုဇုန်းလွှာဟာ နေကလာတဲ့ အသားရေကို ထိခိုက်စေတဲ့ ခရမ်းလွန်ရောင်ခြည်တွေကနေ ကာကွယ်ပေးပါတယ်။ အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေကို စုပ်ယူပေးနေတဲ့ အိုဇုန်းလွှာဟာ လူတွေရဲ့ဓာတုပစ္စည်း အသုံးများလာခြင်းရဲ့ ဆိုးကျိုးအနေနဲ့ ပျက်စီးသွားရပါတယ်။
ဒါပေမဲ့ အခုချိန်မှာတော့ မျှော်လင့်ချက် ရောင်ခြည်အဖြစ် ပြောင်းလဲမှုတရပ် ဖြစ်ပေါ်နေပါပြီ။ အန္တ္တာတိက တိုက်အပေါ်က အိုဇုန်းလွှာ အခြေအနေဟာ ပြန်လည် ကောင်းမွန်လာတာကို သိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အထူးသဖြင့် ကမ္ဘာကြီးရဲ့ တောင်ဘက်ခြမ်း အိုဇုန်းလွှာအပေါက်အကျယ်အဝန်းကို တိုင်းတာကြည့်ခဲ့ရာ ပြန်ကောင်းလာတဲ့ လက္ခဏာတွေ ရှိလာတာဟာ ရာစုနှစ်တခု နောက်ပိုင်း မယုံကြည်နိုင်လောက်အောင် ပြောင်းလဲမှုလို့ ဆိုပါတယ်။
အိုဇုန်းလွှာ ပြန်လည် ကောင်းမွန်လာတာဟာ အခုမှတော့ မဟုတ်ပါဘူး။ ၂၀၁၅ လောက်တည်းက ပျက်စီးနေတဲ့ အိုဇုန်းလွှာ အပေါက် ပမာဏ ဧရိယာ လျော့နည်းလာတာကို တွေ့ရှိခဲ့ကြတာပါ။ ဒါဟာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း အိုဇုန်းလွှာအပေါက် အရွယ်အစား အသေးငယ်ဆုံး ဖြစ်လာတာကို စတင်တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။
လေ့လာချက်တွေအရ ကမ္ဘာကြီးရဲ့ အိုဇုန်းလွှာ အခြေအနေ ပြန်လည် ကောင်းမွန်လာတာဟာ ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက အိုဇုန်းလွှာ ကာကွယ်ရေးအတွက် လက်မှတ် ရေးထိုးခဲ့တဲ့ မွန်ထရီရယ်လ်စာချုပ်ရဲ့ ရလဒ်တွေကြောင့်လို့လည်း သုံးသပ်ကြပါတယ်။
အဆိုပါ စာချုပ်အရ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အိုဇုန်းလွှာ ထိခိုက် ပျက်စီးစေမယ့် အရာတွေကို တားဆီးကာ အစာထိုး အသုံးပြုဖို့အတွက် လက်မှတ်ထိုးခဲ့ကြတာပါ။ ၂၀၅၀-၂၀၇၀ လောက်မှာတော့ ကမ္ဘာ့အိုဇုန်းလွှာ ထိခိုက် ပျက်စီးမှုဟာ လျော့ပါးသွားပြီး အရင်အတိုင်း ပြန်ကောင်းမွန်လာဖို့ ခန့်မှန်းထားကြပါတယ်။
အိုဇုန်းလွှာကို အဓိက ထိခိုက်ပျက်စီးစေတာကတော့ ရေခဲသေတ္တာနဲ့ လေအေးပေးစက်တွေက ထွက်တဲ့ ဓာတုဓာတ်ငွေ့တွေဟာ လေထုထဲ ရောက်သွားပြီး နေရောင်ခြည်နဲ့ ထိတွေ့ကာ အိုဇုန်းလွှာကို ပျက်စီးစေနိုင်တဲ့ ဓာတ်ငွေ့တွေ ဖြစ်ပေါ်လာခြင်းကြောင့်ပါ။
အိုဇုန်းလွှာအပေါက်ကို ပြန်လည် ကုစားနိုင်တဲ့ လက္ခဏာတွေ တွေ့ရှိလာတာကြောင့် နောက်ပိုင်းမှာ ရာသီဥတု ဖောက်ပြန်မှုတွေပါ ပြောင်းလဲသွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အခုလို ပြောင်းလဲမှုကို ဆက်လက် ဖြစ်ပေါ်နေဖို့အတွက် လူသားအားလုံး ပြောင်းလဲမှုအတွက် ကြိုးစားရင်း ကမ္ဘာကြီးကို စောင့်ရှောက် ကာကွယ်သွားသင့်တယ်လို့ ဆိုပါတယ်။
Ref: India Times