ဖိလစ်ပိုင်နိုင်ငံမှာ ဆေးဝါးပစ္စည်းများ သယ်ယူပို့ဆောင်တဲ့ လေယာဉ်တစီး မနီလာမြို့တော်က ပျံတက်စဉ် မီးလောင်ပေါက်ကွဲ ပျက်ကျခဲ့တဲ့အတွက် လိုက်ပါသွားသူ ၈ ဦးလုံး သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မနီလာမြို့မှ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဟာနီဒါလေဆိပ်သို့ ပျံသန်းတဲ့ ဖိလစ်ပိုင်အခြေစိုက် Lion Air စင်းလုံးငှားလေယာဉ် ကုမ္ပဏီရဲ့ လေကြောင်းခရီးစဉ်အမှတ် RPC 5880 လေယာဉ်ဟာ မတ်လ ၂၉ ရက် ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်မှာ Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်ချိန်မှာ ပေါက်ကွဲမီးလောင်ပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
ဗီဒီယိုမှတ်တမ်းအရ လေယာဉ်ပျက်ကျရာနေရာမှ ကြီးမားတဲ့ မီးခိုးလုံးကြီးထွက်ပေါ်နေပြီး မီးသတ်သမားတွေက မီးငြှိမ်းသတ်နေကြတာ တွေ့ရပါတယ်။
ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ အင်ဂျင်နှစ်လုံးတပ် Westwind ဂျက်လေယာဉ်အမျိုးအစားဖြစ်ပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်း ၃ ဦး၊ လေယာဉ်အမှုထမ်း ၃ ဦး၊ လူနာ ၁ ဦးနဲ့ အဖော်လိုက်ပါလာသူတို့ လိုက်ပါသွားခဲ့ကြောင်း လွှတ်တော်အမတ်နဲ့ ဖိလစ်ပိုင်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ Richard Gordon က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူတွေအနက် အမေရိကန် ၁ ဦး၊ ကနေဒါ ၁ ဦးနဲ့ ကနေဒါနိုင်ငံသား ၁ ဦး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကံမကောင်းစွာနဲ့ပဲ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်အားလုံး သေဆုံးသွားခဲ့ပါတယ်”လို့ လေဆိပ်အာဏာပိုင် အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး မြို့ပြလေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Lion Air စင်းလုံးငှားလေယာဉ်ကုမ္ပဏီဟာ လေယာဉ်ပျက်ကျမှုတွေကြောင့် နာမည်ဆိုး ထွက်နေတဲ့ ကုမ္ပဏီဖြစ်ပေမယ့် အစိုးရကို အရေးပေါ် လူနာတင်လေယာဉ်အဖြစ် ကူညီနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုများ ဖြစ်ပွားချိန်မှာလည်း အစိုးရကို အရေးပေါ် လေယာဉ်ကူညီမှုတွေ ပေးနေခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလကလည်း အဲဒီကုမ္ပဏီရဲ့ စင်းလုံးငှား လေယာဉ်ပျက်ကျမှုကြောင့် လူ ၉ ဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
Ref. NewYorkTimes