လူသားတွေရဲ့ရန်ကို လောလောဆယ် ခြိမ်းခြောက်နေတာ အနုမြူဗုံး မဟုတ်ဘဲ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ အဆုတ်ရောင်ရောဂါပဲ ဖြစ်ပါတယ်။
COVID-19 ကူးစက်ရောဂါဟာ အသားအရောင်၊ လူမျိုး၊ ဇာတ်မြင့် ဇာတ်နိမ့် မခွဲခြားသလို ဆင်းရဲချမ်းသာလည်း မရွေးပါဘူး။ ဒီရောဂါပိုး ပြန့်ပွားချိန်ကစပြီး ကမ္ဘာကျော် မင်းသား၊ မင်းသမီးတွေ COVID-19 ရခဲ့သလို Home Quarantine – Self-Quarantine လည်း လုပ်ခဲ့ရတယ်။ ကုသမှုတွေလည်း ခံယူခဲ့ရပါတယ်။
နိုင်ငံရေးသမားတွေကိုလည်း သူက ချန်မထားပါဘူး။ UK ဝန်ကြီးချုပ် Boris Johnson လည်း COVID-19 ဒဏ် ထိသွားသလို တော်ဝင်မင်းသားကြီး ချားလ်လည်း ကိုရိုနာကြောင့် Quarantine လုပ်ပြီး အနားယူနေရပါတယ်။
ကိုဗစ် အချိန်တိုလေးအတွင်းမှာ လူရာပေါင်းများစွာကို ကူးစက်နိုင်တဲ့အတွက် ကြောက်စရာ အလွန်ကောင်းတဲ့ ကူးစက်ပိုးလို့ သူဌေးကြီး Bill Gates က ပြောကြားလိုက်ပါတယ်။ သူကိုယ်တိုင်လည်း သူ့ရုံးကသူတွေနဲ့ မတွေ့ဘဲ Work From Home လုပ်ပြီး Teleconference နဲ့ပဲ အစည်းအဝေး လုပ်နေရတာ ဖြစ်ပါတယ်။
ဂျို မပါတဲ့ ကိုဗစ်ပိုးဟာ ဘယ်လို ကူးစက်တတ်တယ်ဆိုတာ W.H.O အပါအဝင် ဆေးပညာရှင်တွေ၊ ကူးစက်ရောဂါကု ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေက ထပ်ခါတလဲလဲ ပြောကြားခဲ့ပြီး ဖြစ်တဲ့အတွက် ဒီနေရာမှာ ထပ်မံပြီး မပြောကြားလိုပါ။ ဒါပေမဲ့ ကိုဗစ်ဟာ ဂျိုမပါတဲ့အတွက် ကိုဗစ်ပိုးကနေတယ် ရှိနေတယ်ဆို သိဖို့ မလွယ်တဲ့ ကာလဖြစ်တဲ့အတွက် ညွှန်ကြားသလို လက်ဆေးဖို့၊ Stay at Home ဆိုတဲ့ အိမ်မှာနေဖို့၊ အလုပ်ကို အိမ်ကလုပ်ဖို့၊ Social Distancing ဒါမှမဟုတ် Physical Distancing လုပ်ဖို့ အရေးကြီးပါတယ်။
ကိုဗစ်ဟာ လေထဲကနေ ပေါက်ဖွားကူးစက်တဲ့ Airborne Disease ဒါမှမဟုတ် Airborne Transmission မဟုတ်ပါဘူး။ ကိုဗစ်ဟာ Zombie လည်း မဟုတ်ပါဘူး။ အိမ်ထဲကို အလိုအလျောက် ဝင်လာပြီး မကူးစက်နိုင်ပါဘူး။ ဒါကြောင့် တောင်တောင်အီအီတွေ တွေးပြီး ကြောက်နေစရာ မလိုပါဘူး။
ကိုဗစ် ရောဂါပိုးကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေဟာ ပိုပြီး ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင်နဲ့ ကူညီတိုက်ဖျက် ဖြေရှင်းရမယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာ တယောက်နဲ့ တယောက် လက်ညှိုးထိုး အပြင်တင်နေရမယ့် အချိန်လည်း မဟုတ်ဘူးလို့ နိုင်ငံရေးသုခမိန်တွေ၊ ဆေးပညာရှင်တွေက သတိပေးကြပါတယ်။
ဘာကြောင့်လဲဆိုတော့ ဂျိုမပါတဲ့ ကိုဗစ်ဟာ ဘယ်သူ့ကိုမှ မခွဲခြားဘဲ အားလုံးကို ဖျက်ဆီးနေတဲ့ ကြောက်စရာ ကောင်းတဲ့ ဘုံရန်သူ ကူးစက်ပိုး ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ကိုဗစ်လူနာတွေ စတင်ပြီး တွေ့နေပါပြီ။ သူတို့မှာရှိတဲ့ အင်အားလေးနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ တတ်နိုင်တဲ့သူတွေ၊ ဆရာတော်ကြီးတွေ၊ အနုပညာရှင်တွေ ဝိုင်းဝန်းကူညီနေကြတာ အားရစရာ ချီးကျူးစရာ ကောင်းပါတယ်။
“မြဝတီ-မဲဆောက် တံတားမှတဆင့် (၁၉-၃-၂၀၂၀) ရက်နေမှ (၂၈-၃-၂၀၂၀) ရက်နေ့အထိ တရားဝင် ပြန်လည် ဝင်ရောက်လာသူ စုစုပေါင်းမှာ (၂၃,၀၀၀) ဦးကျော်ရှိပြီး အဆိုပါ ပြန်လည်ဝင်ရောက်လာသူများသည် မြန်မာနိုင်ငံ အနှံ့အပြားသို့ ရောက်ရှိနေပြီဖြစ်ကာ ပြန်လည် ဝင်ရောက်လာသူများတွင် COVID-19 ရောဂါ ကူးစက်ခံရသူများ ပါဝင်နိုင်ချေများပြားပြီး ကပ်ရောဂါကြီး (Big Outbreak) အသွင်ဖြစ်ရန် အလားအလာ အလွန်များနေပါသဖြင့် ပြန်လည်ရောက်ရှိလာသူများ စားရင်းနှင့် နေထိုင်ရာပြမြေပုံ (Mapping) များကို ပြုစုထားရှိကာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ်များသို့ ပေးပို့၍ မြို့နယ်ဆရာဝန်များက ဦးဆောင်ပြီး အသွားအလာ ကန့်သတ်မှုများပြုလုပ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်း” ဆိုပြီး မနေ့က ကျန်းမာရေးဝန်ကြီးဌာနကတော့ ငြင်းဆိုပြီး ပါပါတယ်။
နိုင်ငံရေးခေါင်းဆောင်တွေ၊ ပြည်သူ့ခေါင်းဆောင်ဆိုသူတွေ ကမ္ဘာမှာ မနက်ခင်း၊ ညခင်း သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီး COVID ရန် ကာကွယ်ရေး လုပ်ပြနေကြပါတယ်။ COVID စာမေးပွဲ အစစ်ခံနေရတာပါ။ အိမ်မှာ Self-Quarantine လုပ်နေကြတာ မဟုတ်ပါဘူး။
ကိုယ့်တိုင်းပြည်ကို ပြန်လာတဲ့သူတွေကို ကူညီကြိုဆိုရမှာဖြစ်သလို သူတို့တတွေကိုလည်း ရောဂါဘေးက ကာကွယ်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ထိုင်းနဲ့ အခြားကပြန်သွားတဲ့ မြန်မာအလုပ်သမားတွေဆိုတာလည်း တကယ်တော့ တကယ်တော့ တိုင်းပြည်အတွက် Remittance လို့ခေါ်တဲ့ ဝင်ငွေကို တနှစ်တနှစ် ဘီလီယံနဲ့ ချီပြီး ရှာပေးနေသူတွေပဲ ဖြစ်ပါတယ်။
ကျနော်တို့အားလုံး အမြင်ကျယ်ဖို့လိုပါတယ်။ ကိုဗစ်ဟာ အရောင်အသွေးလည်း ခွဲခြားတာ မဟုတ်ပါဘူး။ အနီတွေ၊ အစိမ်းတွေ၊ အဝါတွေ၊ အပြာတွေ၊ ပန်းရောင်တွေ သူက ဂရုမစိုက်ပါဘူး။ ဒါကြောင့် ဂျိုမပါတဲ့ ကိုဗစ်ကို တိုက်ဖျက်ဖို့အတွက် ညီညာဖို့တော့ လိုတယ်လို့ ပြောပါရစေ။ ။
You may also like these stories:
အပြင်လည်း ပေးမထွက်ဘူး၊ ဆန်လည်း မလာဘူး၊ ကျန်းမာရေးအတွက်လည်း လုပ်ပေးထားတာ မရှိဘူး
Quarantine ကာလအတွင်း ခွေးလေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို Chris Evan ပြန်မျှဝေ
Mask တွေ ပြတ်လပ်ချိန်မှာ ကိုယ်တိုင် နှာခေါင်းစည်း ပြုလုပ်နည်း