မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံထားရသူ ၁၀ ဦး ရှိသွားပါပြီ။ ဒါကြောင့်လည်း Lockdown ဆို တာကို ကျယ်ကျယ်ပြန့်ပြန့် ကြားလာရပါတယ်။
Lockdown လုပ်တယ်ဆိုတာ လူတွေကိုအပြင် မထွက်ခိုင်းတော့ဘဲ ကိုယ့်အိမ်မှာ နေစေတာ၊ ပွဲလမ်းသဘင် အခမ်းအနားတွေကို ကျင်းပခွင့် ပိတ်လိုက်တာ၊ လူစုလူဝေးနဲ့ ကျင်းပတဲ့ အခမ်းအနားတွေကို ပိတ်လိုက်တာပါ။ ဒီလိုဆောင်ရွက်တာက ရောဂါကူးစက်မှုနှုန်းကို လျှော့ချပစ်ချင်လို့ ဆောင်ရွက်တာပါ။ နိုင်ငံတကာမှာလည်း Lockdown ကို ပုံစံအမျိုးမျိူးနဲ့ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာတော့ Lockdown ကိစ္စ အောင်မြင်တယ်လို့ ဆိုရပါမယ်။ တရုတ်အစိုးရအနေနဲ့လည်း ရောဂါကူးစက်မှုနှုန်းကို လျှော့ချနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဝူဟန်မြို့မှာ ရောဂါကူးစက်သူ မရှိသလောက် ဖြစ်သွားပါပြီ။ ဒါကြောင့်လည်း တရုတ်အစိုးရက ဝူဟန်မှာ နေထိုင်ကြသူတွေကို မြို့တွင်း သွားလာခွင့်ပြုလိုက်ပြီး ဧပြီလမှာ ဝူဟန်မြို့တွင်း ပိတ်မိနေသူတွေကို ပြန်ခွင့်ပေးတော့မယ်လို့ သိရပါတယ်။
ဝူဟန်မြို့ရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပုံမှန်အတိုင်း ပြန်လည်ပတ်နေပါပြီ။ ဒါကြောင့်လည်း တရုတ်အစိုးရက စီစဉ်ခဲ့တဲ့ Lockdown ကိစ္စက အောင်မြင်တယ်လို့ ဆိုရပါမယ်။ တရုတ်မှာ အောင်မြင်ခဲ့ပေမယ့် အိန္ဒိယမှာတော့ အောင်မြင်နိုင်ဖို့ အခွင့်အရေး နည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယနိုင်ငံမှာ ဆင်းရဲသား လူတန်းစား များပြားတာကြောင့်ပါ။
အဲဒီလူတွေ အားလုံးကို အိန္ဒိယ အစိုးရအနေနဲ့လည်း Lockdown လုပ်နေစဉ် ကာလအတွင်း ကျွေးမထားနိုင်ပါဘူး။ ဒါကြောင့်လည်း Lockdown ချထားလို့ အလုပ်လက်မဲ့ ဖြစ်သွားရတဲ့ သန်းနဲ့ ချီတဲ့ အိန္ဒိယနိုင်ငံသားတွေ အစုလိုက် အပြုံလိုက် ရွာတွေကို ပြန်ကုန်ကြပါတယ်။ အခုလို အစုလိုက် အပြုံလိုက် ရွာပြန်နေကြတဲ့အတွက် ဗိုင်းရပ်စ် ကူးစက်နိုင်ခြေကလည်း အမြင့်ဆုံးကို ရောက်သွားပါပြီ။
တကယ် Lockdown လုပ်လိုက်ရင် ပထမဆုံး ထိခိုက်မှာကတော့ လက်လုပ်လက်စားသမားတွေပါ။ သူတို့အနေနဲ့ကတော့ ကိုရိုနာထက် ငတ်သေမှာကို ပိုကြောက်ကြပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီ ကိုယ်တိုင်ကလည်း အခုလို ၂၁ ရက်ကြာတဲ့အထိ Lockdown လုပ်ခဲ့ရတာနဲ့ ပတ်သက်ပြီး သူ့ကို ခွင့်လွှတ်ပေးကြဖို့ ပြည်သူတွေကို တောင်းပန်ခဲ့ပါတယ်။ အထူးသဖြင့်ကတော့ လက်လုပ်လက်စားသမားတွေအနေနဲ့ သူ့ကို ခွင့်လွှတ်ပေးကြဖို့ ဝန်ကြီးချုပ်က တောင်းပန်ခဲ့ပါတယ်။
အိန္ဒိယမှာ Lockdown လုပ်လိုက်တဲ့အတွက် နောက်ထပ် ရင်ဆိုင်နေရတဲ့ ပြဿနာတခု ရှိပါသေးတယ်။ အဲဒါကတော့ တိရစ္ဆာန်တွေအတွက် အစာရေစာ ပြတ်လပ်နေတာပါ။ Ranchi မြို့မှာ နေထိုင်သူတယောက်ကလည်း သူ့နွားတွေအတွက် အစာရှာဖို့ ခက်လာတဲ့အတွက် နွားတွေက တရက်ထက် တရက် ပိုအားနည်းလာနေတယ်လို့ ပြောပါတယ်။
အခုအတိုင်းဆိုရင်တော့ အိန္ဒိယနိုင်ငံရဲ့ Lockdown က အောင်မြင်တယ်လို့ ပြောလို့ မရပါဘူး။ လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်သွားတဲ့အပြင် တိရစ္ဆာန်တွေအတွက်လည်း အစာရေစာ ရှားပါးလာပါတယ်။
COVID-19 ကြောင့် နိုင်ငံတော်တော်များများမှာ Lockdown လုပ်လာကြပါတယ်။ အိုင်ယာလန် နိုင်ငံမှာဆိုရင်လည်း ဆိုင်တွေကို ပိတ်ခိုင်းလိုက်ပါပြီ။ စားသောက်ဆိုင်တွေ၊ ကဖေးဆိုင်တွေ အနေနဲ့လည်း ပါဆယ်ကိုသာ ရောင်းချခွင့် ပြုထားပါတယ်။ ဒီလို ဆုံးဖြတ်ချက်မျိုးကို မြန်မာနိုင်ငံမှာလည်း ကျင့်သုံးလာနေပါတယ်။ နေရာတချို့ကို သွားလာခွင့် မပြုတော့ပါဘူး။ စားသောက်ဆိုင်တချို့ဆိုရင် လည်း ပါဆယ်တမျိုးတည်းကိုသာ ရောင်းချလာတာ တွေ့ရပါတယ်။
Ref: Aljazeera, telegraphindia
You may also like these stories:
ပိုက်ဆံကတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ကြောင်း ဆေးပညာရှင်တွေ သတိပေး
အိုဇုန်းလွှာ ပျက်စီးမှု လျော့နည်းလာတာကို သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
Remdesivir ဆေး စမ်းသပ်ခံ ကိုဗစ်လူနာ အခြေအနေကောင်းမွန်