အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 (ကိုရိုနာ ဗိုင်းရပ်စ်) ကမ္ဘာတဝှမ်းမှာ ကူးစက်ပြန့်ပွားနေပြီး မြန်မာနိုင်ငံမှာလည်း ကူးစက်ခံထားရသူများ တွေ့ရှိထားပါတယ်။ မတ်လ ၂၉ ရက်နေ့ညမှာ COVID-19 Positive လူနာ ၁၀ ဦးအထိ တွေ့ရှိထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားပါတယ်။
COVID-19 ကြောင့် ဆေးဆိုင်များ၊ အခြေခံ စားသောက်ကုန် ရောင်းချတဲ့ ဈေးများ၊ ဈေးဝယ်စင်တာများမှာ အလွန်အမင်း ဈေးဝယ်မှုများလည်း ရှိခဲ့ပါတယ်။ အဲဒီလို ဈေးဝယ်ယူမှုများနဲ့ ပတ်သက်ပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်လာနိုင်ခြင်း ရှိ၊ မရှိ၊ စားသောက်ကုန်များ လုံလောက်စွာ ဘယ်လို စီမံဆောင်ရွက်ထားလဲဆိုတဲ့ အကြောင်းအရာများကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက်များက သက်ဆိုင်ရာ အသင်းအဖွဲ့များကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဦးခင်ဟန်(ဥက္ကဋ္ဌ)
မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင် သီးနှံ စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း
အခုကတော့ COVID-19 ကြောင့် အခြေခံ စားသောက်ကုန်တွေက ဈေးတွေ ကျနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် နယ်စပ်ကုန်သွယ်ရေးတွေ အကုန်လုံး အသွားအလာ နည်းနည်းလေး ရပ်ဆိုင်းနေတဲ့ သဘောရှိတယ်။ ကုန်ဈေးနှုန်းက တက်စရာတော့ မရှိဘူး။ တနင်္လာနေ့ကဆိုရင် ဘုရင့်နောင် ကုန်စည်ဒိုင်ကို ကြက်သွန်ကား ၁၃၂ စီး ရောက်တယ်။ ဒီလို ပမာဏက တသက်လုံး တခါမှ မရောက်ဖူးဘူး။ တရက်မှာ ကားအစီးရေ ၆၀ ရောက်တယ်ဆိုတာ ၁ နှစ်လုံးမှ ၂ ခါ၊ ၃ခါ အပြင် မရှိဘူး။ အဲဒီတော့ တွက်သာကြည့်တော့။
အခု ကုန်စည်ဒိုင်မှာ ဆိုရင် ဈေးတွေ တအားကျနေတယ်။ ကြက်သွန်ဆိုရင် ၁ ပိသာ ကျပ် ၅၀၀၊ ကျပ် ၆၀၀ လောက်ပဲ ရှိတယ်။ ငရုတ်သီးဆိုရင် ၁ ပိသာ ၂၂၀၀ ကျပ်မှ ၂၃၀၀ ကျပ်ပဲရှိတယ်။ သာမန်ဈေးဆိုရင် ၂၅၀၀ ကျပ်နဲ့ ၂၇၀၀ ကျပ်ကြား မှာပဲ ရှိတယ်။ ဒီအတိုင်းသာ ဆက်သွားရင် တောင်သူတွေ ဒုက္ခရောက်နိုင်တယ်။ လူတွေ ကြိတ်ကြိတ်တိုး ဝယ်ကြတယ် ဒါ ဘာဖြစ်လို့ ဝယ်တာလဲလို့ ကျနော် ပြောချင်တယ်။
မြန်မာလူမျိုးက ဆန်ရယ်၊ ဆီရယ်၊ ဆားရယ် ငရုတ်ရယ် ကြက်သွန်ရယ် ရှိရင်ရပြီ။ ပဲ ရှိတယ်ဗျာ။ အဲဒီမှာ ဘာကိုသွားပြီး တိုးဝယ်ကြတာလဲ။ ညသန်းခေါင်ကျော် City Mart တွေမှာ တိုးဝယ်လို့ ဘာရှိမှာလဲ။ အပြင်မှာ ဒီလောက် ပေါသောပြီးတော့ ဈေးတွေမှာ ဝယ်သူတောင်မရှိဘူး။ ဘုရင့်နောင်လည်း လာကြည့်ကြဦး။
သင်္ကြန်နားနီးတော့ ကုန်ပို့တဲ့ ကားတွေရော ထွက်တဲ့ကုန်ရော များပြီးတော့ လမ်းတွေရှုပ် ရောင်းလိုအားမကောင်း ဘာလုပ်ရမယ်မှန်းတောင် မသိဘူး။ ဝယ်သူက City Mart မှာ သွားတိုးဝယ်နေတယ်။ စိုးရိမ်တာများလို့ ဒုက္ခရောက်တာ စားသောက်ကုန်က စိုးရိမ်ရမယ့် အရာ မဟုတ်ဘူး။ ကုန်ပစ္စည်းက အလုံအလောက် ရှိတယ်။ ရောဂါကလည်း ရေရှည် မဖြစ်ဖို့ လိုတယ်။
ကုန်စည်တွေက နဂိုကတည်းက ကြိုလုပ်ထားတဲ့အတွက် ထိန်းနိုင်သိမ်းနိုင်တယ်။ အဓိကတော့ ရောဂါ အများကြီး မပြန့်ဖို့လိုတယ်။ ကျနော်တို့ ဆုတောင်းတာတော့ ရန်ကုန်က မဖြစ်ဖို့လိုတယ်။ လူနေ အရမ်းများတယ်။ နယ်တွေ ဘာတွေက တော်သေးတယ်။
ကုန်ဈေးနှုန်းကတော့ ဘာမှ တက်စရာ မရှိဘူး။ အရောင်းအဝယ်က တောင်သူအတွက် ပြဿနာရှိတယ်။ အခုက သွားရလာရ မချောမွေ့တာ အိန္ဒိယဆိုရင် နန်းဖာလုံဈေးလည်း ပိတ်တယ်။ ထိုင်းဆိုရင်လည်း ပိတ်တယ်။ ဒါတွေက တောင်သူအတွက် စိုးရိမ်စရာ ဖြစ်တယ်။
You may also like these stories:
နိုင်ငံတကာခရီးသွားများစွာ အာရှနိုင်ငံတွေမှာ သောင်တင်နေ
ထိုင်းတွင် COVID-19 ဖြစ်ပွားသူ ၁၅၂၄ ဦး ရှိလာ
ကျယ်ကျယ်ပြန့်ပြန့် ကြားလာရတဲ့ Lockdown ကိစ္စ