လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၄ ဦး ရှိသွားပါပြီ။ ဒါကြောင့်လည်း COVID-19 ကို ထိန်းချုပ်နိုင်ဖို့အတွက် တရုတ်နိုင်ငံက ကျွမ်းကျင်ပညာရှင်တွေ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။
“တရုတ်နိုင်ငံက ကျွမ်းကျင်တဲ့ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ ဧပြီလဆန်းပိုင်းလောက်မှာ COVID-19 တိုက်ဖျက်ရေးနဲ့ ကုသရေး၊ ရောဂါရှာဖွေရေးလုပ်ငန်းတွေမှာ ပူးပေါင်ပါဝင် ကူညီဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်” ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဆိုပါတယ်။
တရုတ်နိုင်ငံက လာရောက်ကြမယ့် ပညာရှင်တွေဟာ ယူနန်ပြည်နယ်ကဖြစ်ပြီး မြန်မာနိုင်ငံက ဆေး ပညာရှင်တွေနဲ့ COVID-19 ကပ်ရောဂါအကြောင်း အတွေ့အကြုံ ဖလှယ်သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်ကလည်း တရုတ်နိုင်ငံနဲ့ သီးခြားပုဂ္ဂလိက အလှူရှင်တွေ လှူဒါန်းတဲ့ COVID-19 ဆေးကုသပစ္စည်းတွေကို မြန်မာနိုင်ငံကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Jack Ma Foundation နဲ့ Alibaba Foundation မှလည်း ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများဖြစ်တဲ့ နှာခေါင်းစည်းများ၊ရောဂါစမ်းသပ်ရေးကိရိယာများ၊ အကာအကွယ်ဝတ်စုံများနဲ့ အခြား ဆေးဘက်ဆိုင်ရာ အထောက်အပံံ့ပစ္စည်းများကို မြန်မာနိုင်ငံအား မတ်လ ၃၀ ရက်နေ့က ပေးအပ် လှူဒါန်းခဲ့ပါသေးတယ်။
တရုတ်နိုင်ငံက လာရောက်မယ့် ကျွမ်းကျင်ပညာရှင်တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က အခုလို ဆိုပါတယ်။
“အခုလာမယ့် အဖွဲ့မှာ ကူးစက်ရောဂါဆိုင်ရာ လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ ပညာရှင်တွေ ပါသလို COVID-19 ဓာတ်ခွဲ အတည်ပြုပြီးသား လူနာတွေကို ကုသတဲ့အဖွဲ့လည်း ပါပါ တယ်။ မြန်မာနိုင်ငံကို လာရောက်ကြမယ့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းထဲမှာ တရုတ် တိုင်းရင်းဆေးပညာ ကျွမ်းကျင်တဲ့ ပညာရှင်တွေလည်း ပါဝင်ပါမယ်”
“COVID-19 ကို ဓာတ်ခွဲရှာဖွေနိုင်မယ့် ဓာတ်ခွဲပညာရှင်တွေလည်း ပါဝင်ပါမယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၁၄ ရက်တိတိ နေထိုင်ပြီး COVID – 19 နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ဖလှယ်ပါမယ်။ ဓာတ်ခွဲအဖွဲ့အနေနဲ့လည်း တရက်ကို လူ အယောက် ၂၀၀ COVID-19 ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးနိုင်တဲ့ ဓာတ်ခွဲခန်းတွေလည်း ပါလာမယ်” လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။
Ref: xinhunet
You may also like these stories:
ကူးစက်ရောဂါဥပဒေအရ မလိုက်နာလျှင် ဘယ်လိုအရေးယူခံရနိုင်သလဲ
COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်
ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ
မန်းတိုင်းသို့ ပြည်ပမှ ရောက်လာသူတိုင်း Facility Quarantine မဖြစ်မနေ ဝင်ရမည်