ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့စနောက်မှုတွေပြုလုပ်တာ ဒါမှမဟုတ် သတင်းအမှားကို လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်တာတွေ မပြုလုပ်ဖို့ ထိုင်းရဲဌာနက သတိပေးထားတယ်လို့ သိရပါတယ်။
နှစ်စဉ် ဧပြီလ ၁ရက်နေ့မှာ ကျရောက်တဲ့ April Fool’s နေ့မှာ ပျော်ရွှင်စရာ၊စနောက်မှုတွေကို နိုင်ငံတကာမှာ ပြုလုပ်လေ့ရှိကြတာဖြစ်ပြီး ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ စနောက်မှုတွေ ပြုလုပ်ရင်တော့ ကြီးမားတဲ့ ပြစ်ဒဏ်တွေကို ချမှတ်ရလိမ့်မယ်လို့ ထိုင်းရဲဌာန လက်ထောက်ရဲမှူးကြီးဖြစ်သူ Piya Uthayo က ပြောပါတယ်။
ရဲဌာနပြောခွင့်ရသူရဲ့ ပြောကြားချက်အရ ဧပြီလ ၁ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ စနောက်မှုကို ပြုလုပ်သူတွေကို ၂၀၁၇ ခုနှစ်က စတင်သတ်မှတ်ခဲ့တဲ့ ကွန်ပျူတာဥပဒေပုဒ်မ များနဲ့ တရားစွဲဆိုခံရမှာ ဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် ၅နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၁သိန်းကို ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံကြုံတွေ့နေရတဲ့ ခက်ခဲတဲ့ အချိန်တွေမှာ စနောက်ခြင်းတွေ ပြုလုပ်ဖို့ မသင့်တော်ကြောင်းနဲ့ ဒီလို အချိန်မှာ ဟာသပြုလုပ်ခြင်းဟာ နိုင်ငံတော်ကို လေးစားမှုမရှိရာကျကြောင်း ရဲဌာနပြောခွင့်ရသူက ပြောပါတယ်။
ထိုင်းရဲဌာနအနေနဲ့ လက်ရှိမှာ ဆက်လက်ဖွင့်လှစ်ထားတဲ့ ဆိုင်များ၊ လောင်းကစားခုံများကိုလည်း အရေးယူလျက်ရှိပြီး ကားမောင်းပြိုင်ခြင်းနဲ့ မူးပြီး ကားမောင်းခြင်း ပြုလုပ်သူများကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိတယ်လို့ သိရပါတယ်။
Ref;Bkkpost
You may also like these stories:
အမေရိကန်မှာ COVID-19 ကြောင့် တရက်အတွင်း လူ ၅၀၀ ကျော် သေဆုံး